ဖိလစ်ပိုင်သမ္မတဒူတာတေးကို ဝေဖန်ခဲ့သည့် ကက်သလစ်သီလရှင် နိုင်ငံတွင်းမှ ထွက်ခွာခဲ့ရ

ဖိလစ်ပိုင်သမ္မတဒူတာတေးကို ဝေဖန်ခဲ့သည့် ကက်သလစ်သီလရှင် နိုင်ငံတွင်းမှ ထွက်ခွာခဲ့ရ

ဖိလစ်ပိုင်သမ္မတရိုဒရီဂို ဒူတာတေးကို ဝေဖန်ပြောဆိုခဲ့ပြီး အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့်အတွက် ဖိလစ်ပိုင်အစိုးရ၏မလိုလားအပ်သူစာရင်းသွင်းခံရပြီး နိုင်ငံတွင်းမှ ထွက်ခွာရန် ညွှန်ကြားခံခဲ့ရသည့် သြစတြေးလျနိုင်ငံသူ ကက်သလစ်သီလရှင် စစ္စတာ ပါထရီရှာအန်းဖောက်စ်သည် နိုဝင်ဘာ ၃ ရက် အနှောင်းပိုင်းတွင် ဖိလစ်ပိုင်မှ သြစတြေးလျသို့ထွက်ခွာသွားပြီဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနသည် ဖောက်စ်ကို မိခင်နိုင်ငံသို့ပြန်ပို့ရန် ဇူလိုင်တွင် ညွှန်ကြားခဲ့ပြီး ၎င်းကို နာမည်ပျက်စာရင်းသွင်းခဲ့ကာ ဖောက်စ်၏သာသနာပြုခွင့်ဗီဇာကို ယာယီခရီးသွားဗီဇာအဆင့်သို့ လျှော့ချခဲ့သည်။ ဖောက်စ်၏ဗီဇာသည် နိုဝင်ဘာ ၃ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့သည်။

ဖောက်စ်ကဲ့သို့ နိုင်ငံခြားသားများသည် ဖိလစ်ပိုင်ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း ဒူတာတေးကပြောဆိုခဲ့သည်။

လူထောင်ပေါင်းများစွာသေဆုံးခဲ့သည့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသုံးစွဲမှုတိုက်ဖျက်ရေးလုပ်ဆောင်မှုနှင့်ပတ်သက်၍ အများစုက ဝေဖန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဒူတာတေး၏မူးယစ်တိုက်ဖျက်ရေးလုပ်ဆောင်မှုကြောင့် အနောက်နိုင်ငံအစိုးရများ အံ့သြခဲ့ရပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ တိုင်ကြားမှုနှစ်ခုရှိခဲ့သည်။

ဖိလစ်ပိုင်၌ ယခုလောလောဆယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများပိုမိုများပြားလာပြီး အကြောက်တရားစိုးမိုးနေရပြီဖြစ်ကြောင်း ဖောက်စ်က မယ်လ်ဘုန်းလေဆိပ်သို့ နိုဝင်ဘာ ၄ ရက်တွင်ရောက်ရှိပြီးနောက် ပြောဆိုခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသားများအနေဖြင့် အမှန်တရားကိုထုတ်ပြောပြီး အပယ်ခံများ မြေ၊ အိမ်နှင့် အလုပ်အကိုင်များရရှိရေးအတွက် ကူညီကြရန် အသက် ၇၁ နှစ်အရွယ် ဖောက်စ်ကပြောဆိုခဲ့သည်။

ဒူတာတေး၏မူးယစ်တိုက်ဖျက်ရေးလုပ်ဆောင်မှုသည် ရက်စက်ကြမ်းကြုတ်ကာ အရိုင်းအစိုင်းဆန်လှကြောင်း၊ အခွင့်အရေးရရှိခဲ့ပါက ၂၇ နှစ်ကြာ ထမ်းဆောင်ခဲ့ပြီးဖြစ်သည့် တာဝန်ကိုပြန်လည်ထမ်းဆောင်လိုကြောင်း ၎င်းကပြောဆိုခဲ့သည်။

စကားပြောညင်သာပြီး အေးအေးဆေးဆေးနေတတ်သည့် သာမန်သီလရှင်တစ်ဦးကို ဒူတာတေးက နာမည်ကျော်ဖြစ်အောင် နေ့ချင်းညချင်းပြောင်းလဲပေးခဲ့ခြင်းဖြစ်ကြောင်း ဖောက်စ်ကိုထောက်ခံနေသည့် အမျိုးသားပြည်သူ့ရှေ့နေများသမဂ္ဂက ပြောဆိုခဲ့သည်။