ရာဇဝတ်မှုသံသယရှိသည့် ဥဇဘက်စီးပွားရေးလုပ်ငန်းရှင် နိုင်ငံတကာလက်ဝှေ့အဖွဲ့၏ ဥက္ကဋ္ဌအဖြစ်တင်မြှောက်ခံရ

ရာဇဝတ်မှုသံသယရှိသည့် ဥဇဘက်စီးပွားရေးလုပ်ငန်းရှင် နိုင်ငံတကာလက်ဝှေ့အဖွဲ့၏ ဥက္ကဋ္ဌအဖြစ်တင်မြှောက်ခံရ

လူဆိုးဂိုဏ်းများပါဝင်သော ရာဇဝတ်မှုများနှင့်ဆက်စပ်ပြီး သံသယရှိခြင်းခံရသည့် ဥဇဘက်ကစ္စတန်သား စီးပွားရေးလုပ်ငန်းရှင် ဂါဖာ ရာခီမော့ဗ်သည် အပျော်တမ်းအားကစားအဖွဲ့တစ်ဖွဲ့ဖြစ်သည့် နိုင်ငံတကာလက်ဝှေ့အဖွဲ့( အေအိုင်ဘီအေ)၏ ဥက္ကဌအဖြစ် နိုဝင်ဘာ ၃ ရက်တွင် ရွေးကောက်တင်မြှောက်ခံလိုက်ရပြီဖြစ်သည်။

ရာခီမော့ဗ်က ရွေးကောက်ပွဲဝင်ခြင်းကို နိုင်ငံတကာအိုလံပစ်ကော်မတီ( အိုင်အိုစီ) ကဝေဖန်ခဲ့ပြီး အေအိုင်ဘီအေတွင် အုပ်ချုပ်ရေးဆိုင်ရာပြဿနာများရှိနေသောကြောင့် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် အိုလံပစ်တွင် လက်ဝှေ့ကိုထည့်သွင်းသင့်မသင့်ကို ပြန်သုံးသပ်နေပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့ပြင် အိ်ုင်အိုစီသည် အေအိုင်ဘီအေသို့ ထောက်ပံ့ငွေပေးမှုကိုလည်း ရပ်ဆိုင်းထားပြီးဖြစ်သည်။

အိုင်အိုစီနှင့်ဆက်ဆံရေးပြန်လည်ကောင်းမွန်အောင်လုပ်ဆောင်မည်ဖြစ်ပြီး ယင်းသို့ သဘောတူညီမှုမရရှိပါကလည်း လက်ဝှေ့လောကအထိမနာအောင် အခြားနည်းလမ်းတစ်ခုကို ကြံဆရမည်ဖြစ်ကြောင်း ရာခီမော့ဗ်ကပြောဆိုခဲ့သည်။

အေအိုင်ဘီအေဥက္ကဋ္ဌရွေးကောက်ပွဲတွင် ရာခီမော့သည် စုစုပေါင်းမဲ ၁၃၄ ခုအနက် ၈၆ ခုရရှိပြီး ပြိုင်ဘက် ကာဇက်လက်ဝှေ့သမားဟောင်းဖြစ်သလို နိုင်ငံရေးသမားလည်းဖြစ်သည့် ဆာရစ် ကိုနက်ဘာယက်ဗ်ကို အနိ်ုင်ရရှိခဲ့သည်။

ရာခီမော့သည့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ပိတ်ဆို့မှုကိုခံထားရသည်။ ပိတ်ဆို့မှုများအရ အမေရိကန်နိုင်ငံသားများနှင့် ကုမ္ပဏီများနှင့် ၎င်းနှင့်စီးပွားရေးလုပ်ဆောင်ခွင့်ပိတ်ပင်ခံထားရသည်။ 

အေအိုင်ဘီအေ၌ ရာခီမော့ ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံရခြင်းအပါအဝင် အုပ်ချုပ်ရေးဆိုင်ရာပြဿနာများ၊ တားမြစ်ဆေးသုံးစွဲမှုနှင့် ဘဏ္ဍာရေးအရှုပ်အထွေးများရှိနေကြောင်း အိုင်အိုစီကထုတ်ပြန်ခဲ့သည်။ ရာခီမော့ဗ်သည် ဇန်နဝါရီကတည်းက အေအိုင်ဘီအေ၏ ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။
တိုကျိုအိုလံပစ်သာမက ၂၀၂၄ ခုနှစ် ပါရီနှင့် ၂၀၂၈ ခုနှစ် လော့စ်အန်ဂျလိစ် အိုလံပစ်ပြိုင်ပွဲများတွင်လည်း လက်ဝှေ့အားကစားနည်းပါဝင်နေမည်ဖြစ်ကြောင်း၊ အေအိုင်ဘီအေဥက္ကဋ္ဌရွေးချယ်မှုနှင့်ပတ်သက်မှုမရှိကြောင်း ရာခီမော့ဗ်ကပြောဆိုခဲ့သည်။