လွန်ခဲ့သည့်နှစ်က ဆော်ဒီအိမ်ရှေ့စံအမိန့်ဖြင့် အကျယ်ချုပ်ချခံရသူ ဆော်ဒီမင်းသား ခါလက်ဘင်တာလဲလ် ပြန်လည်လွတ်မြောက်လာ

လွန်ခဲ့သည့်နှစ်က ဆော်ဒီအိမ်ရှေ့စံအမိန့်ဖြင့် အကျယ်ချုပ်ချခံရသူ ဆော်ဒီမင်းသား ခါလက်ဘင်တာလဲလ် ပြန်လည်လွတ်မြောက်လာ

ဆော်ဒီအာရေဗျနိုင်ငံတွင် လွန်ခဲ့သည့်နှစ်က ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆဲလ်မန့်အမိန့်အရ ရစ်ဇ်ကာလ်တန်ဟိုတယ်တွင် အကျယ်ချုပ်ချထားခြင်းခံရသူ မင်းသား ခါလက် ဘင်တာလဲလ် ပြန်လည်လွတ်မြောက်လာပြီ ဖြစ်သည်။

ခါလက်သည် အစ္စလာမ္မစ်ဘာသာရေးရဲများ၏ ဖမ်းဆီးပိုင်ခွင့်အာဏာ ပြန်လည်ရုပ်သိမ်းရန် ဆော်ဒီအစိုးရ၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်မှုဖြင့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာကတည်းက အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြခဲ့ကြသည်။

ခါလက် ပြန်လည်လွတ်မြောက်လာပြီး မိသားစုများနှင့်နှုတ်ဆက်ပုံကို ရိုက်ကူးထားသည့်ဓာတ်ပုံများအား ၄င်း၏ ဆွေမျိုးများက လူမှုကွန်ရက်ပေါ် ဖြန့်ဝေခဲ့ကြသည်။ ဘုရင်ဆဲလ်မန်၏တူတစ်ဦးဖြစ်သည့် ခါလက်သည် တစ်နှစ်နီးပါး ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

ခါလက်၏အစ်ကိုဖြစ်သူ ဘီလျံနာမင်းသား အဲလ်ဝါလိဒ်ဘင်တာလဲလ်အပါအဝင် ဒါဇင်ပေါင်းများစွာသော ဆော်ဒီမင်းသားများနှင့် ထိပ်တန်းပုဂ္ဂိုလ်ကြီးများသည် အကျင့်ပျက်ခြစားမှုစွဲချက်များဖြင့် လွန်ခဲ့သည့်နှစ်က ထိန်းသိမ်းခံခဲ့ရသည်။

ယင်းဖမ်းဆီးထိန်းသိမ်းမှုအပေါ် ပြစ်တင်ဝေဖန်ခဲ့၍ မင်းသားခါလက်ပါ ထိန်းသိမ်းခံခဲ့ရသည်ဟုလည်း သတင်းအချို့က ဖော်ပြခဲ့သည်။ ဇူလိုင်လကုန်တွင် ထိန်းသိမ်းထားသူများထံမှ အမေရိကန်ဒေါ်လာ ဘီလျံ ၁၀ဝ ကျော် ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြောင်း ဆော်ဒီရှေ့နေချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။

တူရကီနိုင်ငံရှိ ဆော်ဒီကောင်စစ်ဝန်ရုံးတွင် ဆော်ဒီသတင်းစာဆရာ ဂျမဲလ်ခါရှောဂီ သတ်ဖြတ်ခံခဲ့ရသည့်ကိစ္စနှင့် ပတ်သက်၍ ဆော်ဒီအစိုးရအပေါ် ဖိအားများ များပြားနေစဉ် မင်းသားခါလက်ကို ထိန်းသိမ်းထားရာမှ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ဆော်ဒီအစိုးရကမူ မင်းသားခါလက်ကိုထိန်းသိမ်းခဲ့ခြင်း၊ ပြန်လွှတ်ပေးခြင်းတို့နှင့်ပတ်သက်၍ မည်သည့် တရားဝင် ထုတ်ပြန်ရှင်းလင်းချက်မျှ မပြုခဲ့ချေ။