လှိုင်သာယာမြို့နယ်အတွင်း ဆိုက္ကားနင်းသူနှစ်ဦးကို ဓားဖြင့်ထိုးသတ်ကာ ထွက်ပြေးတိမ်းရှောင်သွားသူ ဆိုင်ကယ် သမားလေးဦးကို သက်ဆိုင်ရာက အမှုဖွင့်စုံစမ်းနေကြောင်း လှိုင်သာယာမြို့မရဲစခန်းက အတည်ပြုခဲ့သည်။
နိုဝင်ဘာ ၄ ရက် ည ၉ နာရီခွဲခန့်တွင် လှိုင်သာယာမြို့နယ်နေ မခင်မာဌေးသည် နေအိမ်၌ ရှိနေစဉ် တစ်ရပ်ကွက်တည်းနေ မိတ်ဆွေတစ်ဦးက နင့်ယောကျာ်းဓားထိုးခံရတယ်ဟု ပြောဆိုသဖြင့် လိုက်သွားခဲ့သည်။ နတ်မောက်လမ်းထိပ်ရှိ ခင်ပွန်းဖြစ်သူ နင်းသည့် ဆိုက္ကားဂိတ်သို့ အရောက် ခင်ပွန်းဖြစ်သူ မျိုးမင်းထွန်း(၄၀ နှစ်)ကိုလူနာတင်ယာဉ်ဖြင့် တင်ခေါ်သွားသည်ကို မြင်တွေ့ခဲ့ရသည်။
အလားတူ ခင်ပွန်းဖြစ်သူနှင့်အတူ ဓားထိုးခံရသည့် ဦးတင်လတ်(၅၃ နှစ်)ကိုလည်း နတ်မောက်လမ်းအနီး အပ်ချုပ် ဆိုင်နားတွင် လဲနေသည်ကို တွေ့ရှိခဲ့သည်။
သက်ဆိုင်ရာ၏ စုံစမ်းချက်အရ အမည်မသိ ဆိုင်ကယ်စီးနင်းသူ လေးဦးက ခင်ပွန်းဖြစ်သူနှင့် ဦးတင်လတ်တို့ကို ဓားဖြင့် ထိုးသွားခြင်းဖြစ်သည်။
ခင်ပွန်းဖြစ်သူတွင် ယာဘက်ဆီးခုံထိုးသွင်းဒဏ်ရာ၊ ယာပေါင်ထိုးသွင်းဒဏ်ရာများရရှိခဲ့သည်။ ဦးတင်လတ်တွင် ဝဲရင်ဘက်ထိုးသွင်းဒဏ်ရာ၊ ယာနံစောင်းထိုးသွင်းဒဏ်ရာ၊မေးစေ့ပြတ်ရှဒဏ်ရာများရရှိခဲ့သည်။
လှိုင်သာယာဆေးရုံမှတစ်ဆင့် အင်းစိန်ဆေးရုံသို့ လွှဲပြောင်းကုသစဉ် နှစ်ဦးစလုံးသေဆုံးခဲ့သည်။ ဆိုင်ကယ်စီးနင်းကာ ဓားဖြင့်ခုတ်သူ ၄ ဦးကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။
သောင်ကြီးနယ်မြေရဲစခန်းက (ပ)၁၁၀၄/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၁၁၄ အရ အမှုဖွင့် အရေးယူထားသည်။
















