ပြည့်တန်ဆာအမျိုးသမီးကို ဓားဖြင့်ထိုးသတ်သူအား ဖမ်းမိ

ပြည့်တန်ဆာအမျိုးသမီးကို ဓားဖြင့်ထိုးသတ်သူအား ဖမ်းမိ

ပဲခူးတိုင်းဒေသကြီးရေတာရှည်မြို့နယ်တွင် ပြည့်တန်ဆာလုပ်ကိုင်သူ အမျိုးသမီးကို ဓားဖြင့်ထိုးသတ်ခဲ့သူအား သက်ဆိုင်ရာက နိုဝင်ဘာ ၃ ရက်တွင် ဖမ်းဆီးခဲ့သည်။

အောက်တိုဘာ ၃၁ ရက် နံနက် ၅ နာရီခန့်တွင် ရေတာရှည်မြို့နယ် ရေနီစက္ကူစက်ရုံအဝင်ကွန်ကရစ်ကား လမ်းဘေးတွင် အမျိုးသမီးတစ်ဦးဓားဒဏ်ရာများဖြင့်သေဆုံးနေကြောင်း သတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။ 
သေဆုံးသူမှာ ပြည့်တန်ဆာလုပ်ကိုင်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဓားဒဏ်ရာဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။ 
ရေတာရှည်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က စုံစမ်းခဲ့ရာ အခင်းဖြစ်စဉ်၌ သေဆုံးသူ အမျိုးသမီးက ၎င်းကို ဆိုင်ကယ်ဖြင့်လာခေါ်ရန် ရေနီမြို့နေ ကိုမျိုး(ခ)အုန်းသီးကို ဆက်သွယ်ခဲ့ကြောင်း သတင်းရရှိခဲ့သည်။ 
ရဲတပ်ဖွဲ့က အမှုဖြင့်မသင်္ကာသူ ကိုမျိုး(ခ)အုန်းသီး ၃၅ နှစ်ကို ဖမ်းဆီးစစ်ဆေးခဲ့ရာ နိုဝင်ဘာ ၃ ရက်ညနေ ၅ နာရီတွင် ၄င်းပြစ်မှုကျူးလွန်ကြောင်း ထွက်ဆိုခဲ့သည်။ 
ဆိုင်ကယ်ဖြင့်လာရောက်ခေါ်ယူရန် ကိုမျိုး(ခ)အုန်းသီးကို သေဆုံးသူမပိုးပိုးက ဖုန်းဆက်ခဲ့သော်လည်း ဖုန်းဆက်သည် ကိုမကိုင်ရကောင်းလားဟု စိတ်ဆိုးကာ မပိုးပိုးက စိတ်ဆိုးဆဲဆိုခဲ့ရာမှ စကားများရန်ဖြစ်ခဲ့သည်။ ထိုသို့စကားများရန်ဖြစ်နေသည်ကို ကားမီးရောင်ဖြင့် အခြားလမ်းတစ်ဖက်တွင်ရှိနေသူ အမျိုးသမီး ၃ ဦးက တွေ့ရှိခဲ့ပြီး ကိုမျိုး(ခ) အုန်းသီးက ဓားဖြင့် ထိုးသဖြင့် မပိုးပိုးလဲကျသွားခဲ့ခြင်းဖြစ်သည်။ 
အနီးတွင်ရှိနေသူများက ဆေးရုံသို့တင်ပို့ပေးစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။ သေဆုံးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားသည်။