ပြင်ဦးလွင်မြို့နယ်တွင် ဓားဖြင့်ခြိမ်းခြောက်ကာ ဆိုင်ကယ်လိုက်လံလုယူသူသုံးဦးကို လုယူခဲ့သည့် ဆိုင်ကယ် နှစ်စီးနှင့်အတူ သက်ဆိုင်ရာက အောက်တိုဘာ ၄ ရက်တွင် ဖမ်းဆီးခဲ့သည်။
အဆိုပါနေ့ နံနက် ၈ နာရီခန့်တွင် ပြင်ဦးလွင်မြို့နယ် မြို့ရှောင်လမ်း၊ သပြေရေလမ်းဆုံ၌ မဟာအောင်မြေမြို့နယ်နေညီညီနိုင် ၂၀ နှစ်က ၎င်းပိုင် ၅၉ယ/xxxxx Yamaha FZ ဆိုင်ကယ်အား လမ်းဘေးတွင်ရပ်ပြီး ဓာတ်ပုံရိုက်နေခဲ့သည်။
ထိုစဉ် အမျိုးသားသုံးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာသည်။ အဆိုပါ သုံးဦးအနက် တစ်ဦးက ဟေ့ကောင်မပြေးနဲ့ ဟုပြောဆိုကာ ကျန်တစ်ဦးက အသင့်ပါလာသော ဓါးမြောင်တစ်ချောင်းကိုင်ဆောင်၍ ညီညီနိုင် ထံပြေးလာခဲ့သည်။
၎င်းက ဆိုင်ကယ်ကိုထား၍ထွက်ပြေးရာ အဆိုပါအမျိုးသားသုံးဦးအနက် တစ်ဦးက ညီညီနိုင်၏ ဆိုင်ကယ်ကိုလုယူသွားခဲ့သည်။ အလားတူ ညနေ ၃ နာရီအချိန် ပြင်ဦးလွင်မြို့နယ်၊ မြို့ရှောင်လမ်း၊ ထင်းရှူးတော၌စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နေ ရှင်းခန့်သူ ၁၈ နှစ်ပိုင် ယာယီ E/xxxx Honda Click ဆိုင်ကယ်ကို အဆိုပါနည်းအတိုင်း လုယူမောင်းနှင်ထွက်ပြေးခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။ အဆိုပါတိုင်ကြားမှုနှင့်ပတ်သက်၍ ပြင်ဦးလွင်မြို့မရဲစခန်းက အမှုဖွင့်စုံစမ်းခဲ့သည်။ ည ၁၀ နာရီ အချိန်ခန့်တွင် ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၅)၊ အောင်သုခရပ်၊ ဘောဂလမ်းပေါ်တွင် မသင်္ကာတွေ့ရှိသူ ပြင်ဦးလွင်မြို့နေ အောင်အောင်ဦး ၂၁ နှစ်၊ လွင်ဦးမောင် ၂၆ နှစ်နှင့် ပိုင်ဇင်မိုး ၂၁ နှစ်တို့ သုံးဦးကို စစ်ဆေးခဲ့ရာမှ တိုင်ကြားခဲ့မှုပေါ်ပေါက်ခဲ့သည်။
သက်ဆိုင်ရာက ၄င်းတို့ လုယူခဲ့သည့် ဆိုင်ကယ် ၂ စီးကို သိမ်းဆည်းကာ အခြားအမှုများကျူးလွန်ထားခြင်းရှိမရှိ ဆက်လက်စစ်ဆေးလျက်ရှိသည်။

















