ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် လေထုမငြိမ်မသက်ဖြစ်ပေါ်နေပြီး မုန်တိုင်းတစ်ခုဖြစ်လာရန် အလားအလာရှိနေဆဲဖြစ်သည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ၎င်း၏လူမှု ကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြောထားသည်။
ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် နောက်(၂၄)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်သည်ဟုလည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
" အခုဖြစ်ပေါ်မယ့် လေဖိအားနည်းရပ်ဝန်းက အားတော့သိပ်မကောင်းဘူး ။နောက်တစ်ရက် နှစ်ရက်နေရင် သီရိလင်္ကာနိုင်ငံထဲကို ဝင်ရောက်သွားမှာဖြစ်ပါတယ်" ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက နိုဝင်ဘာ ၅ ရက်၌ ပြောသည်။
နိုဝင်ဘာ ၆ ရက်၌ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာ ကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၆)ပေခန့် ရှိနိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။















