ကျိုက်ထီးရိုးတောင်တွင် ဈေးသည်ချင်းစကားများရာမှ ဓားခုတ်မှုဖြစ်ပွား

ကျိုက်ထီးရိုးတောင်တွင် ဈေးသည်ချင်းစကားများရာမှ ဓားခုတ်မှုဖြစ်ပွား

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်ရှိ ကျိုက်ထိုဟိုတယ်ရှေ့ တောင်တက်ကားလမ်းတွင် နိုဝင်ဘာ ၄ ရက် ညနေပိုင်းက ပျံကျဈေးသည်အချင်းချင်း စကားများရာမှ ဓားခုတ်မှုဖြစ်ပွားခဲ့ပြီး တရားခံကို အမှုဖွင့်စစ်ဆေးနေကြောင်း ကျိုက်ထီးရိုးရင်ပြင်တော်ရဲစခန်းက အတည်ပြုခဲ့သည်။ 

ဖြစ်စဉ်မှာ ကျိုက်ထီးရိုးတောင်တွင် ကြက်ကြော်များရောင်းချနေသည့် ပျံကျဈေးသည် နှစ်ဦး အချင်းချင်းစနောက်ကြရာမှ မောင်သက်က ရောင်ခြည်ဦး(၁) လမ်းတွင်နေထိုင်သူအသက် (၂၂) နှစ်အရွယ် သီဟထက်ကို ဓားဖြင့်ခုတ်ပြီးထွက်ပြေးခဲ့သည်။ 
“သူတို့ စရင်းနောက်ရင်းနဲ့ စကားများကြတယ်။အခုတ်ခံရတဲ့သူကိုတော့ ပဲခူးကိုလွှဲပေးလိုက်တယ်။ အခုတ်ခံရတဲ့သူက ခေါင်းနဲ့ လက်ကိုထိတယ်။ လက်က လက်ခုံဆိုတော့ အသားနည်းတော့ ပြတ်တော့အရိုးပေါ်လာတယ်။” ဟု ကျိုက်ထီးရိုးရင်ပြင်တော်ရဲစခန်းမှ စခန်းမှူး ရဲအုပ်ထွန်းမင်းသက်က မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောကြားသည်။ 
ဓားဖြင့်ခုတ်ခံရသူမှာ အသက်အန္တရာယ်စိုးရိမ်စရာမရှိသော်လည်း ဒဏ်ရာများသည့်အတွက် ပဲခူးဆေးရုံသို့ လွှဲပြောင်းပေးခဲ့သည်။ 
ဓားဖြင့်ခုတ်သူ မောင်သက်ကို (ပ) ၂၂၀/၂၀၁၈၊ ပြစ်မှုပုဒ်မ ၂၉၃၊ ၃၂၆ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း စခန်းမှူးက ပြောသည်။ 
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး