အမေရိကန်ပြည်ထောင်စုတွင် ခိုလှုံရန်ရည်ရွယ်ချက်ဖြင့် ဗဟိုအမေရိ်ကဒေသမှ ထွက်ခွာလာသည့်ရွှေ့ပြောင်းများ အနက် ပထမအုပ်စုသည် မက္ကဆီကိုနိုင်ငံ၏မြို့တော် မက္ကဆီကိုစီးတီးသို့ရောက်ရှိလာသည်။
မက္ကဆီနိုင်ငံကို ဖြတ်သန်းလာပြီး အများစုသည်အမျိုးသားကြီးငယ်များဖြစ်ကာ အမျိုးသမီးများနှင့် ကလေးငယ်များလည်း ပါဝင်သည့် ၄၅၀ ခန့်ရှိသည့်အုပ်စုသည် မက္ကဆီကိုစီးတီးရှိ အားကစားရုံတစ်ခုတွင် ယာယီစခန်းချထားပေးခြင်းခံရသည်။
ဟွန်ဒူရပ်စ်၊ ဂွာတီမာလာနှင့် အဲလ်ဆာဗေဒို တို့မှဖြစ်ပြီး ခြေလျင်လျှောက်သူနှင့် ယာဉ်စီးနင်းသူများပါဝင်သည့် ပင်မ ရွှေ့ပြောင်းအုပ်စုကြီးသည် လွန်ခဲ့သည့်အပတ်များက ဟွန်ဒူရပ်စ်မှ ထွက်ခွာခဲ့ခြင်းဖြစ်သည်။ ယခုအခါ အင်အား ၅၀ဝ၀ ခန့် ရှိနေပြီဖြစ်သည်။
ယင်းရွှေ့ပြောင်းများ အမေရိကန် မက္ကဆီကိုနယ်စပ်ဖြတ်သန်းမှုကို ရပ်ဆိုင်းရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တပ်များဖြန့်ချမည်ဟု ပြောဆိုခဲ့သည်။ ယင်းကြောင့် ထရမ့်သည် နိုဝင်ဘာ ၆ ရက်(ယနေ့) ကျင်းပမည့် သက်တမ်းဝက် ရွေးကောက်ပွဲများတွင် ၄င်းပါတီအပေါ်ထောက်ခံမှုရရှိရန် လူဝင်မှုအရေးကို အသုံးချနေကြောင်း ဝေဖန်ပြစ်တင်ခံခဲ့ရသည်။
မက္ကဆီကိုစီးတီးမှ အာဏာပိုင်များသည် ရွှေ့ပြောင်းများအတွက် ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် ရိက္ခာနှင့် အမိုးအကာများ အသင့်ပြင်ထားပြီး လာမည့်အပတ်များအတွင်း ထပ်မံရောက်ရှိလာနိုင်သူများကို ဥပဒေအကြံဉာဏ်များ ပေးရန်လည်း ပြင်ဆင်နေသည်။ ဒေသခံများကလည်း ရွှေ့ပြောင်းခရီးသွားများအတွက် အဝတ်အစားများ၊ ရှူးဖိနပ်များ လှူဒါန်းခဲ့ကြသည်။
သမ္မတထရမ့်သည် ရွှေ့ပြောင်းများဝင်ရောက်ခြင်းကို တားမြစ်ရန် လိုအပ်ပါက စစ်တပ်ကိုအသုံးပြု၍ အမေရိကန် မက္ကဆီကိုနယ်စပ်ကို အပြီးပိတ်ပစ်မည်ဟုလည်း ပြောဆိုခဲ့သည်။ ထို့ပြင် ၄င်းသည် ရွှေ့ပြောင်းများ၏ ပင်ရင်းနိုင်ငံများဖြစ်သည့် ဂွာတီမာလာ၊ အယ်လ်ဆာဗေဒိုးနှင့် ဟွန်ဒူရပ်စ်တို့ကိုလည်း အကူအညီများ ဖြတ်တောက်ရန် ခြိမ်းခြောက်ခဲ့သည်။
မည်သို့ဖြစ်စေ ရွှေ့ပြောင်းခရီးသွားအများစုကလည်း အမေရိကန်တွင် ခိုလှုံခွင့်ရရှိရေး နည်းလမ်းရှာရန် စီစဉ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

















