ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးအတွက် အမေရိကန်နှင့် မြောက်ကိုရီးယားတို့အကြား အပြန်အလှန် အပြစ်တင်မှုနှင့် ငြင်းခုန်မှုဖြစ်ပေါ်နေစဉ် ပြုံယမ်းသို့ရောက်ရှိနေသည့် ကျူးဘားသမ္မတ မီဂွယ် ဒီယာ့ဇ်ကာနဲလ်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ တွေ့ဆုံဆွေးနွေးခဲ့သည်။
အမေရိကန်စီးပွားရေးပိတ်ဆို့မှုများ ရင်ဆိုင်နေရသည့် နိုင်ငံနှစ်ခုမှ ခေါင်းဆောင်နှစ်ဦးတို့သည် ၄င်းတို့၏ မဟာဗျူဟာ ဆက်ဆံရေးချဲ့ထွင်ရန်နှင့် အားကောင်းစေရန် သဘောတူညီခဲ့ကြောင်း ကေစီအင်န်အေသတင်းက နိုဝင်ဘာ ၅ ရက်တွင် ဖော်ပြခဲ့သည်။
ဧပြီလတွင် သမ္မတရာထူးရလာခဲ့ပြီးနောက် သမ္မတ ဒီယာ့ဇ်ကာနဲလ်သည် ၄င်း၏ပထမဆုံးနိုင်ငံတကာခရီးအဖြစ် အာရှသို့ထွက်လာခဲ့ကာ ၄င်း၏ဇနီးနှင့်အတူ ပြုံယမ်းသို့ နိုဝင်ဘာ ၄ ရက်က ရောက်ရှိခဲ့ခြင်းဖြစ်သည်။ တစ်နိုင်ငံချင်းစီ၏ ဆိုရှယ်လစ်သမိုင်းကြောင်းကို အလေးပေးဖော်ပြလျက် သွေးစည်းညီညွတ်မှု ဆက်လက်တည်ဆောက်သွားရန် ခေါင်းဆောင်နှစ်ဦးကတိပြုခဲ့ကြောင်း ကေစီအင်န်အေက ထုတ်ပြန်ခဲ့သည်။
အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှု ပြန်လည်ရုပ်သိမ်းခြင်းမရှိပါက မြောက်ကိုရီးယားသည် နျူကလီးယားလက်နက် စီမံကိန်းပြန်လည်စတင်နိုင်ကြောင်း လွန်ခဲ့သည့်ရက်ပိုင်းက ခြိမ်းခြောက်ထားသည်။ ယင်းသို့ပြောဆိုမှုကို မစိုးရိမ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွပ်ပီယိုကပြောဆိုခဲ့ပြီး နျူကလီးယားကင်းရှင်းရေး မြောက်ကိုရီးယားနှင့် ဆွေးနွေးပွဲများ နယူးယောက်တွင် မကြာမီပြန်လည်စတင်မည်ဟုလည်း ပြောဆိုခဲ့သည်။
မြောက်ကိုရီးယားတို့ဘက်က တင်းမာသည့်သဘောထားပြခဲ့ချိန်တွင် အမေရိကန်တို့ကလည်း ဆိုင်းငံ့ထားသည့်
အမေရိကန်နင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများအနက် အသေးစားစစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ပြန်လည်စတင်မည်ဟုကြေညာခဲ့သည်။ တောင်ကိုရီးယားတောင်ပိုင်း ပိုဟန်မြို့အနီးတွင် အမေရိကန်နှင့် တောင်ကိုရီးယား စစ်သည် ၅၀ဝ ခန့် ပါဝင်မည့်လေ့ကျင့်မှုဖြစ်သည်။

















