အာရှဗိုဗီနမ်ချန်ပီယံရှစ်တွင် မြန်မာအသင်း ရွှေ၃၊ငွေ၁နှင့် ကြေး ၈ ခုရရှိနေ

အာရှဗိုဗီနမ်ချန်ပီယံရှစ်တွင် မြန်မာအသင်း ရွှေ၃၊ငွေ၁နှင့် ကြေး ၈ ခုရရှိနေ

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် လေးကြိမ်မြောက် အာရှ ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာဗိုဗီနမ်အဖွဲ့သည် နိုဝင်ဘာ ၅ရက် ပွဲစဉ်များအပြီးတွင် ရွှေတံဆိပ် ၃ခု၊ငွေတံဆိပ်၁ခုနှင့် ကြေးတံဆိပ် ၈ခုဆွတ်ခူးထားနိုင်ခဲ့သည်။

ဆွတ်ခူးနိုင်ခဲ့

အဆိုပါပြိုင်ပွဲကို ဘာလီမြို့၌ နိုဝင်ဘာ ၂ရက်မှ ၇ရက်အထိ ကျင်းပလျက်ရှိပြီး နိုဝင်ဘာ၄ရက်တွင် မြန်မာဗိုဗီနမ်အဖွဲ့မှာ ဆုတံဆိပ်များစတင်ရရှိခဲ့သည်။ မြန်မာဗိုဗီနမ်အဖွဲ့အတွက် ပထမဆုံးရွှေတံဆိပ်ဆုကို အမျိုးသားနှစ်ယောက်တွဲ အပြပြိုင်ပွဲတွင် ဆလိုင်းမနားကွီးနှင့် မောင်ဘိုဘိုတို့ကလည်းကောင်း၊ ငွေတံဆိပ်ဆုကို အမျိုးသား တစ်ကိုယ်တော် ဓားတစ်လက်အပြပြိုင်ပွဲတွင် ဆလိုင်းမနားကွီးမှလည်းကောင်း၊ ကြေးတံဆိပ်ဆုလေးခုကို အမျိုးသားတစ်ကိုယ်တော်တုတ်ရှည်အပြပြိုင်ပွဲတွင် မောင်ဘိုဘို၊ အမျိုးသမီး ဓားမြှောင်နှစ်လက်အပြပြိုင်ပွဲနှင့် အတိုက်ပြိုင်ပွဲ ၅၄ကီလိုတွင် ခိုင်ဝါဖူး၊အတိုက်ပြိုင်ပွဲ ၅၄ကီလိုတွင် ဆလိုင်းမနားကွီးတို့က ဆွတ်ခူးနိုင်ခဲ့သည်။

ထပ်မံရရှိ

နိုဝင်ဘာ ၅ရက်တွင် ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာဗိုဗီနမ်အဖွဲ့မှာ ရွှေနှစ်ခုနှင့် ကြေးသုံးခု ထပ်မံရရှိခဲ့သည်။ ရွှေတံဆိပ်ဆုကို အမျိုးသားလက်အပြပြိုင်ပွဲတွင် ရဲဝင့်ထူးကလည်းကောင်း၊ အမျိုးသမီးလက်အပြပြိုင်ပွဲတွင် ခိုင်ဝါဖူးကလည်းကောင်းရရှိခဲ့ပြီး ကြေးတံဆိပ်ဆုများကို အမျိုးသားအတိုက်ပြိုင်ပွဲတွင် ဘိုဘိုကလည်းကောင်း၊ အမျိုးသားနှစ်ယောက်တွဲ အပြပြိုင်ပွဲတွင် ဆလိုင်းမနားကွီးနှင့် ရဲဝင့်ထူးတို့ကလည်းကောင်း၊ အသင်းလိုက်လေးယောက်တွဲ (ကျား၊မ) ပြိုင်ပွဲတွင် ခိုင်ဝါဖူး၊ ရဲဝင့်ထူး၊ဆလိုင်းမနားကွီးနှင့် ဘိုဘိုတို့က ကြေးတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့သည်။

နောက်ဆုံးသိရသောသတင်းများအရ မြန်မာဗိုဗီနမ်အဖွဲ့သည် ပြိုင်ပွဲအမျိုးအစားနှစ်မျိုး ထပ်မံယှဉ်ပြိုင်ရန် ရှိနေပြီး နိုဝင်ဘာ ၅ရက် မွန်းလွဲပိုင်းအထိ ရွှေ၃ ၊ငွေ ၁နှင့် ကြေး၈ခု ရရှိထားသည်။



ဖတ်ရှုမှုအများဆုံး