ကမ္ဘာ့လေကြောင်းအားကစားအဖွဲ့ (FAI) က ကြီးမှူးကျင်းပသည့် အက်ဖ်အေအိုင် ဒရုန်းပျံသန်းမှု ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွင် သြစတြေးလျမှ ၁၅ နှစ်သား လူငယ်က ဗိုလ်စွဲသွားသည်။
ပြိုင်ပွဲကို တရုတ်နိုင်ငံ ရှန်ကျန်းမြို့တွင် ကျင်းပခဲ့ပြီး ဗိုလ်စွဲသွားသော ရူဒီ ဘရောင်းနင်းသည် ပြိုင်ဘက် ၁၂၀ ကျော်ကို ဖြတ်ကျော်ကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။
သြစတြေးလျသည် တစ်ဦးချင်း ဗိုလ်စွဲခဲ့သလို၊ နိုင်ငံအလိုက် စုပေါင်းရမှတ်တွင်လည်း ဆွီဒင်၊ တောင်ကိုရီးယားတို့ထက် သာလွန်ကာ ထိပ်ဆုံးတွင် ရပ်တည်လျက်ရှိသည်။
ထိုင်းနိုင်ငံမှ ၁၁ နှစ်သမီး ဝမ်ရာရာ ဝမ်နာပွန်သည်လည်း အမျိုးသမီး ချန်ပီယံဆုကို ရရှိခဲ့သည်။
ပြိုင်ပွဲဝင်သူများသည် ပြိုင်ကွင်းအတွင်းရှိ အတားအဆီးများကို ဖြတ်ကျော်ကာ ဒရုန်းကို အမြန်ဆုံး မောင်းနှင်ကြရသည်။ ဒရုန်းယာဉ်၏ ကင်မရာများနှင့် ချိတ်ဆက်ထားသော အထူးခေါင်းစွပ်ကို စွပ်ကာ ပြိုင်ပွဲဝင်များသည် မောင်းနှင်ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ မစ္စတာ ဘရောင်းနင်းသည် နိုဝင်ဘာ ၄ ရက်က ကျင်းပခဲ့သော ဗိုလ်လုပွဲတွင် ပြိုင်ဘက် သုံးဦးကို ဖြတ်ကျော်အနိုင်ရရှိခဲ့ပြီး ဆုကြေးငွေ ဒေါ်လာ ၂၄၀ဝ၀ လည်း လက်ခံရရှိခဲ့သည်။
"ကိုယ့်ကိုယ်ကိုယ်တောင် မယုံနိုင်ဘူး။ ပြိုင်ပွဲတစ်ခါ ရှုံးတစ်ခါ နိုင်တစ်လှည့်နဲ့ ကြိုးစားခဲ့ရတာ" ဟု မစ္စတာ ဘရောင်းနင်းက ပြောသည်။
ဒရုန်းပျံသန်းမှု ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွင် အမျိုးသမီး ၁၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ဒရုန်းပျံသန်းမှုပြိုင်ပွဲသည် ကမ္ဘာတစ်ဝန်း ထွန်းကားသထက် ထွန်းကားတိုးတက်လာနေကြောင်း အက်ဖ်အေအိုင်က ပြောသည်။ ကမ္ဘာတစ်ဝန်း ဒရုန်းပျံသန်းမှု ပြိုင်ပွဲများကို ပုံစံအမျိုးမျိုးဖြင့် ကျင်းပလျက်ရှိကြောင်းလည်း အက်ဖ်အေအိုင်က ပြောသည်။

















