အီရန်အပေါ် အမေရိကန်ပိတ်ဆို့မှုများ တဖန်ပြန်လည်စတင်၊ ဆန်ရှင်ကိုအာခံ ရေနံဆက်ရောင်းမည်ဟု အီရန်သမ္မတပြော

အီရန်အပေါ် အမေရိကန်ပိတ်ဆို့မှုများ တဖန်ပြန်လည်စတင်၊ ဆန်ရှင်ကိုအာခံ ရေနံဆက်ရောင်းမည်ဟု အီရန်သမ္မတပြော

အီရန်နိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုများ တဖန်ပြန်လည်စတင်ချိန်တွင် ပိတ်ဆို့မှု ဆန်ရှင်ကို အာခံချိုးဖောက်လျက် အီရန်သည် မိမိထုတ်ကုန်ရေနံများကို ဆက်လက်ရောင်းချမည်ဖြစ်ကြောင်း အီရန်သမ္မတ ဟာဆန်ရိုဟာနီက ပြောဆိုခဲ့သည်။

နိုဝင်ဘာ ၅ ရက်၌ ရုပ်သံမှတိုက်ရိုက်ထုတ်လွှင့်သည့် စီးပွားရေးပညာရှင်များနှင့်တွေ့ဆုံပွဲတွင် အမေရိကန်သည် အီရန်၏ ရေနံရောင်းချမှုဝင်ငွေ သုညအထိဖြစ်ရန် အလိုရှိနေကြောင်း၊ မိမိတို့ရေနံကို မိမိတို့ ဆက်လက်ရောင်းချရမည် ဖြစ်ကြောင်း၊ စီးပွားရေးစစ် ဆင်နွှဲနေရသည့်အခြေဆိုက်လာကြောင်း သမ္မတရိုဟာနီက ပြောဆိုခဲ့သည်။
    အီရန်၏နျူကလီးယားစီမံကိန်းအရေးအတွက် သမ္မတ ဘားရက်အိုဘားမားလက်ထက် ၂၀၁၅ ခုနှစ်က အီရန်နှင့် အမေရိကန်အပါအဝင် နိုင်ငံကြီးများအကြား သဘောတူညီချက်တစ်ရပ် ရရှိခဲ့သည်။ ယင်းသဘောတူညီချက်အရ စောင့်ကြည့်မှုများအောက်တွင်  စိုးရိမ်ဖွယ် နျူကလီးယားလှုပ်ရှားမှုများကို အီရန်ကလျှော့ချပေးရပြီး အမေရိကန်ကလည်း ချမှတ်ပြီးပိတ်ဆို့မှုများကို ပြန်လည်ဖြေလျှော့ပေးခဲ့သည်။ သမ္မတထရမ့်က ယင်းသဘောတူညီမှုမှ အမေရိကန်ကို ဆွဲထုတ်ခဲ့ပြီး ပိတ်ဆို့များ ယခုတဖန် ပြန်လည် ချမှတ်လိုက်ခြင်းဖြစ်သည်။ 
    ယင်းကြောင့် အီရန်နိုင်ငံတွင် ပြည်သူများ လမ်းပေါ်ထွက်လာပြီး အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြ ချီတက်မှုများ ပြုလုပ်ခဲ့ကြသည်။ အီရန်နိုင်ငံပိုင်ရုပ်သံကလည်း စစ်ရေးလေ့ကျင့်ပွဲတစ်ရပ်အတွက် လေကြောင်းရန်ကာကွယ်ရေး လက်နက်များ ဖြန့်ချထားပုံကို ထုတ်လွှင့်ခဲ့သည်။ အီရန် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟာဘီဘီလာ ဆေယာရီက အမျိုးသားတပ်မတော်နှင့် ရီပတ်ဘလီကန်အစောင့်တပ် တို့သည် ပြည်တွင်းဖြစ်လက်နက်ခဲယမ်းများ အသုံးပြု၍ စစ်ရေးလေ့ကျင့်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
    ပိတ်ဆို့မှု ပြန်လည်ချမှတ်ခြင်းဖြင့် အီရန်သည် ဒေသတွင်းစစ်သွေးကြွအုပ်စုများကို ထောက်ပံ့ခြင်းနှင့် ပဲ့ထိန်းဒုံးကျည် စီမံကိန်းများကဲ့သို့ မူဝါဒများပြောင်းလဲလာရန် ထရမ့်အစိုးရက မျှော်လင့်ထားသည်။