မလေးရှားနိုင်ငံ အရှေ့ပိုင်း သစ်လုပ်ငန်းထွန်းကားသည့် ပြည်နယ်၏ အုပ်ချုပ်ရေးမှူးဟောင်းကို အကျင့်ပျက်ခြစားမှုစွဲချက်များဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း မလေးရှား အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဌာနက ထုတ်ပြန်ကြေညာသည်။
အစိုးရအဖွဲ့ဝင်များ၏ အကျင့်ပျက်ခြစားမှု၊ လုပ်ပိုင်ခွင့် အလွဲသုံးစားမှုများကို မလေးရှားသည် တိုးမြှင့်တိုက်ဖျက်နေသည့် အားထုတ်မှုလည်း ဖြစ်သည်။
ဘော်နီယိုကျွန်းပေါ်ရှိ ဆာဘက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မူဆာ အေမန်ကို ၎င်း၏ ရုံးခန်းမှာပင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နိုဝင်ဘာ ၅ ရက်နှောင်းပိုင်းတွင် အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် ရုံးထုတ်ခဲ့ကြောင်း အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဌာနက ထုတ်ပြန်ကြေညာသည်။ အကြောင်းရင်း အသေးစိတ်ကိုမူ ဌာနက ထုတ်ပြန်ခြင်းမရှိသေးပေ။
အသက် ၆၇ နှစ်အရွယ် မူဆာကို စွဲဆိုထားသည့် အချက်များထဲတွင် သစ်တန်ဖိုးဖြတ်သည့် ကိစ္စများလည်း ပါဝင်ကြောင်း ဒေသခံ မီဒီယာများက ပြောသည်။
မူဆာသည် ၂၀ဝ၃ ခုနှစ်က စတင်ကာ ဆာဘက်ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် တောက်လျှောက် တာဝန်ယူခဲ့ပြီး အကျင့်ပျက်ခြစားမှုစွဲချက်များနှင့် ရင်ဆိုင်နေရသော ဝန်ကြီးချုပ်ဟောင် နာဂျစ် ရာဇက် ယခုနှစ် မေလ ရွေးကောက်ပွဲ၌ ပြုတ်ကျချိန်တွင် မူဆာသည်လည်း အုပ်ချုပ်ရေးမှူးရာထူးမှ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။
အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဌာနက စွဲချက်တင်လိုက်သည့် ရာထူးမြင့်ပိုင်း ပုဂ္ဂိုလ်များအနက် မူဆာသည်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း နာဂျစ်၊ ဇနီး၊ ဒုဝန်ကြီးချုပ်ဟောင်းနှင့် အခြား အဆင့်မြင့်အရာရှိကြီး နှစ်ဦးကိုလည်း အကျင့်ပျက်ခြစားမှုများဖြင့် စွဲချက်တင်ထားပြီး နောက်ထပ် အစိုးရ အရာရှိဟောင်း အများအပြားကိုလည်း ခြစားမှုများဖြင့် အရေးယူသွားမည်ဟု လက်ရှိ မလေးရှားအစိုးရက သတိပေးထားသည်။
အစိုးရသစ်သည် နိုင်ငံရေးကလဲ့စားချေခြင်းသာဖြစ်ကြောင်း ဝန်ကြီးချုပ်ဟောင်း နာဂျစ်က တန်ပြန်စွပ်စွဲထားသည်။

















