စီးပွားရေးတံခါး ပိုမိုဖွင့်လှစ်မည်ဖြစ်ကာ သွင်းကုန်ခွန်များကိုလည်း လျှော့ချကောက်ခံပေးသွားမည်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ကတိပေး ပြောကြားလိုက်သည်။
ရှန်ဟိုင်းကုန်စည်ပြပွဲတွင် သမ္မတ ရှီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး လွတ်လပ်သော ကမ္ဘာ့ကုန်သွယ်ရေးသည် အန္တရာယ်ကျရောက်နေပြီဟုလည်း မှတ်ချက်ပေး ပြောကြားခဲ့သည်။
ထိုမှတ်ချက်သည် အမေရိကန်ကို နာမည်မတပ်သော်လည်း တရုတ်နှင့် ကုန်သွယ်ရေးအားပြိုင်နေသော အမေရိကန်ကို ရည်ညွှန်းကြောင်း နိုင်ငံရေးသုံးသပ်သူများက ဆိုထားသည်။ ယခုနှစ်အတွင်း တရုတ်နှင့် အမေရိကန်သည် အပြန်အလှန် အခွန်တိုးကောက်ကာ ကုန်သွယ်ရေးတင်းမာလျက်ရှိသည်။
နှစ်နိုင်ငံလုံးသည် အလျှော့ပေးမည့် လက္ခဏာ မမြင်ရဘဲ အမေရိကန်အစိုးရကလည်း ထပ်တိုးဖိအားပေးမည်ဟု ဆိုထားသည်။
ရှန်ဟိုင်းနိုင်ငံတကာ သွင်းကုန်ထုတ်ကုန်ပြပွဲသည် တရုတ်၏ စီးပွားအင်အားကို ပြသရန်နှင့် တရုတ်စီးပွားကို နိုင်ငံတကာသို့ ပိုမိုဖွင့်လှစ်လိုက်ကြောင်း အသိပေးသည့်ပွဲလည်းဖြစ်သည်။ ဖွင့်ပွဲမိန့်ခွန်းတွင် သမ္မတရှီက သွင်းကုန်ခွန်များကို လျှော့ချကောက်ခံပေးမည်ဖြစ်သလို၊ နိုင်ငံတကာ လုပ်ငန်းများ တရုတ်နိုင်ငံတွင်း ဝင်ရောက်လုပ်ကိုင်ရ အဆင်ပြေစေရန်လည်း စီစဉ်သွားမည်ဟု ကတိပေးလိုက်သည်။
သို့သော် မည်သည့်အချိန်တွင် စီစဉ်မည်ကိုမူ တိကျစွာ ထည့်သွင်းပြောကြားခြင်းမရှိကြောင်း တွေ့ရသည်။
အမေရိကန်အစိုးရသည် ယခုနှစ်အတွင်း အမေရိကန်သို့ တင်သွင်းသော တရုတ်ကုန်စည်များ၏ ထက်ဝက်နီးပါးကို အခွန်များ တိုးကောက်ခဲ့ရာ အမေရိကန်စားသုံးသူများအနေဖြင့် ကုန်စည်များကို ပုံမှန်ထက် ဈေးပိုပေးပြီး ဝယ်သုံးခဲ့ကြရသည်။
တရုတ်ကုန်စည်အားလုံးကို အခွန်တိုးကောက်ရန် ပစ်မှတ်ထားကြောင်းလည်း အမေရိကန်အစိုးရက ကြေညာထားသည်။
တရုတ်၏ မမျှတသော ဈေးကွက်မူဝါဒများကို တုံ့ပြန်သောအားဖြင့် အခွန်တိုးကောက်ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။

















