သားသမီးငယ် သုံးဦးကို ပေါင်းသတ်ဆေးတိုက်ကာ မိမိကိုယ်ကိုယ် တူမီးသေနတ်ဖြင့် ပစ်ခတ်သေဆုံး

သားသမီးငယ် သုံးဦးကို ပေါင်းသတ်ဆေးတိုက်ကာ မိမိကိုယ်ကိုယ် တူမီးသေနတ်ဖြင့် ပစ်ခတ်သေဆုံး

မိုင်းဖြတ်မြို့နယ်တွင် ဇနီးဖြစ်သူ အိမ်ပေါ်မှဆင်းသွားသည်ကို စိတ်ညစ်သဖြင့် သားသမီးငယ် သုံး ဦးကိုပေါင်းသတ်ဆေးတိုက်ကာ မိမိကိုယ်ကိုယ် တူမီးသေနတ်ဖြင့် ပစ်ခတ်သေဆုံးခဲ့မှု နိုဝင်ဘာ ၄ ရက်က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ နံနက် ၅ နာရီခန့်တွင် မိုင်းဖြတ်မြို့နယ် နမ့်ဟွေယွန်း ကျေးရွာနေ လီပိုး(၃၉) နှစ်သည် ဇနီးဖြစ်သူ အိမ်ပေါ်မှ ဆင်းသွားသည့် ကိစ္စနှင့်ပတ်သက်၍ စိတ်ညစ်ပြီး နေအိမ်၌ သားဖြစ်သူ မောင်ကျနူး(၆)နှစ်၊ မောင်အားဆာ(၂)နှစ်နှင့် သမီးဖြစ်သူ မယားမီတိ (၅)နှစ်တို့ သုံးဦးကို Pato တံဆိပ်ပါ ထိုင်းနိုင်ငံထုတ် ပေါင်းသတ်ဆေးရည် တိုက်ကျွေးခဲ့သည်။ 

ထို့နောက် အရှည် ၄ ပေ ၉ လက်မခန့်ရှိ တူမီးသေနတ်ကို ပါးစပ်အတွင်းထည့်၍ မိမိကိုယ်ကို ပစ်ခတ်ခဲ့ရာ ယာပါးပေါက်ထွက်ဒဏ်ရာ တစ်ချက်(စိုးရိမ်ရ)ရရှိခဲ့ပြီး မောင်ကျနူးပါ သုံးဦးတို့တွင် မူးဝေအော့အန် (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် မိုင်းဖြတ်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ရသောကြောင့် လီပိုးကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။

မိုင်းဖြတ်မြို့မ ရဲစခန်းက(ပ) ၂၁/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၀၉ ဖြင့်အရေးယူခဲ့သည်။ 

ထိုသို့ ဆေးဝါးကုသအရေးယူထားစဉ် ည ၈ နာရီ အချိန်ခန့်တွင် လီပိုး သေဆုံးသွားခဲ့သည်။