မကွေးတိုင်းဒေသကြီးအတွင်း ဓာတ်အားလိုင်း များတိုးချဲ့တည်ဆောက်ကာ လေအားစနစ် သုံးဓာတ်အားပေးစက်ရုံများ မြို့နယ်သုံးမြို့နယ်၌ ဆောင်ရွက်လျက်ရှိကြောင်း မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုထံမှ သိရသည်။
လိုင်းသစ်တိုးချဲ့တည်ဆောက်
"ကျွန်တော်တို့လက်ထက်မှာ မကွေးတိုင်းဒေသကြီးအတွင်း ထရန်စဖော်မာထိုင်ဓာတ်အားခွဲ ရုံစုစုပေါင်း ၃၄၂ လုံးတည်ဆောက်ပေးနိုင်ခဲ့ပါပြီ။ ဓာတ်အားလိုင်းအသစ်တိုးချဲ့ တည်ဆောက် မှု ၅၃၂ မိုင်နဲ့ ဓာတ်အားလိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း မိုင် ၂၀ဝ ဆောင်ရွက်ပေးနိုင် ခဲ့ပါတယ်။ ဒါ့အပြင် ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ကြားရှိရေစကြိုမြို့နယ် ကျွန်းထဲကျေးရွာ ဒေသ ၄၂ ရွာက အိမ်ထောင်စုပေါင်း ၇၀ဝ၀ ကျော်ကို ဆိုလာစနစ်နဲ့ ၁ ဒသမ ၂ မဂ္ဂါဝပ်၊ ဒီဇယ်ဆီနဲ့ ၁ ဒသမ ၃ မဂ္ဂါဝပ်တို့နဲ့ ၂၄ နာရီ လျှပ်စစ်ဓာတ်အားပေးနိုင်ရေးဆောင်ရွက် လျက်ရှိပါတယ်။ ကနဦး ကျေးရွာရှစ်ရွာကို ၂၀၁၉ ခုနှစ် ဧပြီလကစတင်ပြီး လျှပ်စစ်ဓာတ် အားဖြန့်ဖြူးပေးနိုင်တော့မှာ ဖြစ်ပါတယ်" ဟု ဝန်ကြီးချုပ်က ပြောဆိုသည်။
မြန်မာနိုင်ငံတွင် လေအားစနစ်သုံးဓာတ်အားပေးစက်ရုံများ ရှေ့ပြေးဆောင်ရွက်ချက်အဖြစ် မကွေးခရိုင်ချောက်မြို့နယ်တွင် ၅၀ မဂ္ဂါဝပ်စက်ရုံနှစ်ရုံ၊ သရက်ခရိုင် မင်းလှမြို့နယ်တွင်၂၃ မဂ္ဂါဝပ် စက်ရုံတစ်ရုံနှင့် မင်းတုန်းမြို့နယ်တွင် ၅၀ မဂ္ဂါ-ဝပ်စက်ရုံတစ်ရုံတို့မှ လျှပ်စစ်ဓာတ်အား အောင်မြင်စွာထုတ်လုပ်နိုင်ကြောင်း သိရသည်။
ပြောင်းလဲတပ်ဆင်
"ယခု 10MVA ထရန်စဖော်မာကြီး ပြောင်းလဲတပ်ဆင်ပြီးလို့ မြို့နဲ့ ငါးမိုင်အတွင်း က ကျေးရွာတွေလျှပ်စစ်မီးရရှိတော့မှာဖြစ်တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်" ဟု ရေတွင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က ပြောဆိုသည်။
















