ဓားနှစ်လက်ဖြင့် ကိုင်ဆောင်ရမ်းကားနေသူကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး

ဓားနှစ်လက်ဖြင့် ကိုင်ဆောင်ရမ်းကားနေသူကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး

လှိုင်သာယာမြို့နယ်တွင် တူမဖြစ်သူ၏ မင်္ဂလာဆောင်ဖိတ်စာ၌ ဇနီးဟောင်းအမည်ထည့်သွင်းထားသည်ကို မကျေနပ်သဖြင့် မိခင်၊အစ်မနှင့် အုပ်ချုပ်ရေးမှူးအပါအဝင်ရဲတပ်ဖွဲ့ဝင်များအား ဓားဖြင့်ခုတ်ခဲ့သူကို သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့ရမှု နိုဝင်ဘာ ၅ ရက်က ဖြစ်ပွားခဲ့သည်။ 

အဆိုပါနေ့ ည ၁၀ နာရီ မိနစ် ၄၀ ခန့်တွင် လှိုင်သာယာမြို့နယ် ၁ ရပ်ကွက် ပိတောက် ၃ လမ်းနေ ဝင်းထွေး(ခ)ငါးမန်း(၃၂ နှစ်)သည် တူမဖြစ်သူ၏ မင်္ဂလာဆောင်ဖိတ်စာ၌ ၄င်း၏ လက်ရှိဇနီးသည်အမည်မပါရှိဘဲ ပထမအိမ်ထောင်အမည်ထည့်သွင်းဖော်ပြထားသည့်ကိစ္စ မကျေမနပ်ဖြစ်ခဲ့သည်။
ထို့ကြောင့် တစ်အိမ်တည်းအတူနေ အသက် ၇၀ အရွယ် မိခင်ဖြစ်သူကို ငှက်ကြီးတောင်ဓားဖြင့် ထိုးမည်ဟန်ပြုကာ ကြိမ်းမောင်းဆဲဆိုခဲ့ပြီး အစ်မဖြစ်သူကိုလည်း ဆက်လက်ဆဲဆိုကာ ဓားဖြင့်ခုတ်မည်ဟု ကြိမ်းမောင်းခြိမ်းခြောက်ခဲ့သည်။ 
ထို့နောက် မြို့ပတ်လမ်းတွင် ပြင်ဆင်ထားသည့် တူမဖြစ်သူ၏ မင်္ဂလာမဏ္ဍပ်သို့ သွားရောက်ကာ ခန်းမ မုဒ်ဦးနှင့်ဧည့်ခံပွဲစာတမ်းများ၊ ပိတ်စများကို ဓားဖြင့်ခုတ် စုတ်ဖြဲဖျက်ဆီးနေသဖြင့် အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးနေအောင်နှင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။ 
ဝင်းထွေး(ခ)ငါးမန်းကို ပိတောက် ၃ လမ်းနှင့် ၁ လမ်းထိပ်ရှိ ဆိုင်ကယ်ပေါ်တွင်ခွကာ ငှက်ကြီးတောင်ဓားကို ကိုင်လျက် ဓားဦးချွန်ကို ခါးကြားထိုးလျက်ထိုင်နေသည်ကို တွေ့ရသဖြင့် ဓားချအဖမ်းခံရန် ရဲတပ်ဖွဲ့က ပြောဆိုစည်းရုံးခဲ့သည်။ 
ထိုသို့ပြောဆိုခဲ့ရာ အုပ်ချုပ်ရေးမှူးနှင့်ရဲတပ်ဖွဲ့ဝင်များကို ဓားဖြင့်ပြေးခုတ်သဖြင့် ရဲတပ်ဖွဲ့က MA 13 သေနတ်ဖြင့်ဟန့်တားပစ်ခတ်ခဲ့သောကြောင့် ဝင်းထွေး(ခ)ငါးမန်းတွင် လည်ပင်းယာဘက် ဘေးထိမှန်ပေါက်ထွက်ပြီး လဲကျသွားစဉ် ဓားနှစ်လက်ကို သက်ဆိုင်ရာက သိမ်းဆည်းရမိခဲ့သည်။ 
ဒဏ်ရာရရှိသူကို အင်းစိန်ဆေးရုံသို့တင်ပို့ကုသခဲ့ရပြီး လှိုင်သာယာမြို့မရဲစခန်းက(ပ) ၄၁၅၇/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၅၃/၃၀၇ အရလည်းကောင်း၊ (ပ) ၄၁၅၈/၁၈ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရလည်းကောင်းအသီးသီး အမှုဖွင့်အရေးယူထားသည်။