သန်လျင်မြို့၌ ရွှေထည်ပစ္စည်းများနှင့် ငွေသားအပါအဝင် ငွေကျပ် ၂၃၈သိန်း ကျော်ဖိုးခိုးယူသွားသူက နိုဝင်ဘာ ၄ ရက်တွင် ရဲတပ်ဖွဲ့ထံသို့ ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့သည်။
နိုဝင်ဘာ ၃ ရက် ညနေ ၄ နာရီတွင် သန်လျင်မြို့၊ ပိတုန်းစမ်းကျေးရွာ၊ ဘုရားကုန်းကျေးရွာအုပ်စုနေ ဦးထွန်းရှိန် သည်နေအိမ်တွင် အိမ်သာတက်ပြီး ပြန်လာစဉ် ၄င်း၏ ခြံဝန်းအတွင်း သုံးခွမြို့နယ်၊ သဲကွင်းကျေးရွာမှလာရောက် အိမ်ငှားနေထိုင်သည့် မအေးအေးဝင်း အသက် (၄၅) နှစ်က နေအိမ်နောက်ဖေးတွင် တစ်စုံတစ်ခုအား ရှာဖွေနေဟန်ကို တွေ့ရှိခဲ့သည်။
နေအိမ်အပေါ်ထပ်သို့တက်ကြည့်ရာ နေအိမ်အပေါ်တွင် မွှေနှောက်ထားသည်ကိုတွေ့ရပြီး သံသေတ္တာအစိမ်းအတွင်းထည့်ထားသော ရွှေထည် လက်ဝတ်လက်စားပစ္စည်းများနှင့် ငွေသားကျပ်သိန်း (၁၇၀)၊ ပစ္စည်းနှင့်ငွေသား စုစုပေါင်းကျပ် ၂၃၈၄၅၀ဝ၀ သိန်းခန့် ပျောက်ဆုံးနေသည်ကိုသိရှိရသဖြင့် အဆိုပါပစ္စည်းများအား ယူသလားဟု မေးမြန်းခဲ့သည်။
မအေးအေးဝင်းက ၎င်းမယူကြောင်းပြောဆိုသဖြင့် မယူရင်ဘယ်မှမသွားနဲ့ဟုပြောဆိုစဉ် မအေးအေးဝင်းက ထွက်ပြေးသွားခဲ့သည်။
သန်လျင်မြို့မရဲစခန်းက(ပ) ၂၉၀၁/ ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ အရ အမှုဖွင့်စုံစမ်းခဲ့သည်။ သက်ဆိုင်ရာက ဖမ်းဆီးရမိရေးအတွက် စုံစမ်းနေစဉ် ခိုးယူသွားသော ရွှေထည်ပစ္စည်းများ၊ငွေသားများနှင့်အတူ မအေးအေးဝင်းက ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့သောကြောင့် သက်ဆိုင်ရာက စစ်ဆေးလျက်ရှိသည်။

















