မိုက်ပွမ်ပီယိုနှင့် မြောက်ကိုရီးယားဗိုလ်ချုပ်ကြီးဟောင်း နယူးယောက်၌တွေ့ဆုံပြီးနောက် ကိုရီးယားကျွန်းဆွယ်စစ်ရေးတည်ရှိမှုပြောင်းလဲနိုင်

မိုက်ပွမ်ပီယိုနှင့် မြောက်ကိုရီးယားဗိုလ်ချုပ်ကြီးဟောင်း နယူးယောက်၌တွေ့ဆုံပြီးနောက် ကိုရီးယားကျွန်းဆွယ်စစ်ရေးတည်ရှိမှုပြောင်းလဲနိုင်

မကြာမီ နယူးယောက်၌ ပြုလုပ်မည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုနှင့် မြောက်ကိုရီးယား ဗိုလ်ချုပ်ကြီးဟောင်း ကင်ယွန်ချိုလ်တို့အကြား ဆွေးနွေးမှုများက ကိုရီးယားကျွန်းဆွယ်ရှိ အမေရိကန်စစ်ရေး တည်ရှိမှု အပေါ် သက်ရောက်မှုရှိလိမ့်မည်ဖြစ်ကြောင်း အမေရိကန်ပူးတွဲစစ်ဦးစီးအဖွဲ့ဥက္ကဌ ဗိုလ်ချုပ်ကြီး ဂျိုးဇက် ဒန်ဖို့ဒ်က ပြောဆိုခဲ့သည်။

စေ့စပ်ညှိနှိုင်းမှုများကြောင့် စစ်ရေးတည်ရှိမှုအပြောင်းအလဲဖြစ်နိုင်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုကို အထောက်အကူပြုရန် အသင့်ပြင်ဆင်ထားကြောင်းပါ ပြောဆိုခဲ့သော်လည်း မည်သည့်အပြောင်းအလဲကို မျှော်လင့်ထားကြောင်းမူ ဒန်ဖို့ဒ်က အသေးစိတ်ရှင်းမပြခဲ့ချေ။
    မိုက်ပွမ်ပီယိုသည် မြောက်ကိုရီးယားနျူကင်းစင်ရေးအတွက် နိုဝင်ဘာ ၈ ရက်တွင် မြောက်ကိုရီးယား အလုပ်သမားပါတီ ဗဟိုကော်မတီဒုတိယဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း ကင်ယွန်ချိုလ်နှင့် နယူးယောက်၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ 
    ၂၀၁၉ ခုနှစ်တွင် ပြုလုပ်ရန်ရှိသည့် အဓိက ပူးတွဲစစ်ရေးလေ့ကျင့်မှုအရေးကို ဒီဇင်ဘာတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးက လွန်ခဲ့သည့်အပတ်တွင် ပြောဆိုခဲ့သည်။ ယခုလတွင် ပြုလုပ်ရန်ရှိသည့် စစ်ရေးလေ့ကျင့်မှုတစ်ခုကိုလည်း ဆိုင်းငံ့ခဲ့သည်။
    သို့သော် နိုဝင်ဘာ ၆ ရက်တွင် အမေရိကန်နှင့်တောင်ကိုရီးယား ကမ်းတက်တပ်သား ရာဂဏန်းပါဝင်သည့် အငယ်စားလေ့ကျင့်မှု တစ်ရပ်မူပြုလုပ်ခဲ့သည်။ မြောက်ကိုရီးယားသည် ပဲ့ထိန်းဒုံးကျည်နှင့် နျူစမ်းသပ်မှု မပြုလုပ်ခဲ့သည်မှာ တစ်နှစ်နီးပါးရှိခဲ့ပြီဖြစ်ပြီး အဓိကနျူစမ်းသပ်စခန်းတစ်ခုကို ပိတ်ပစ်ခဲ့ကာ အခြားစခန်းများလည်း ပိတ်ပင်ရန်စီစဉ်ထားသည်။
    ဗိုလ်ချုပ်ကြီး ဒန်ဖို့ဒ်၏စကားအပေါ် ဆိုးလ်တွင် သမ္မတရုံးပြောခွင့်ရသူက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ မြောက်ကိုရီးယားသည် ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲ တရားဝင်အဆုံးသတ်ကြောင်း ကြေညာပေးရန်နှင့် ယာယီ စစ်ပြေငြိမ်းမှုကို အစားထိုးပေးရန် တွန်းအားပေးနေသည်။ ကိုရီးယားစစ်ပွဲသည် ယာယီပြေငြိမ်းမှုသာ ရရှိခဲ့ခြင်းကြောင့် လုပ်ထုံးလုပ်နည်းအရ စစ်ဖြစ်ပွားနေဆဲဖြစ်သကဲ့သို့ ဖြစ်နေခြင်းကို ပြုံယမ်းက အဆုံးသတ်လိုသည်။
    သို့သော် ယင်းသို့ တရားဝင်ကြေညာလိုက်ပါက တောင်ကိုရီးယားရှိ အမေရိကန်စစ်သည် ၂၈၅၀ဝ ရုပ်သိမ်းပေးရမည် ကိုလည်း စိုးရိမ်မှုများ ဖြစ်ပေါ်နေသည်။