အမေရိကန်ကင်းလှည့်လေယာဉ် ရုရှားတိုက်လေယာဉ်၏ နှောင့်ယှက်ခံခဲ့ရဟု ဆို

အမေရိကန်ကင်းလှည့်လေယာဉ် ရုရှားတိုက်လေယာဉ်၏ နှောင့်ယှက်ခံခဲ့ရဟု ဆို

အမေရိကန်ရေတပ်မှ ကင်းလှည့်လေယာဉ်တစ်စင်းသည် နိုင်ငံတကာလေကြောင်းပိုင်နက်အတွင်း ပင်လယ်နက်ပေါ် ဖြတ်ပျံနေစဉ် ရုရှးဂျက်တိုက်လေယာဉ်တစ်စီးက ဘေးမကင်းစွာနှင့် ကျွမ်းကျင်မှုမပြည့်ဝသည့် ချဉ်းကပ်မှုနှင့် နှောင့်ယှက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ ၅ ရက်က ဖြစ်ပွားခဲ့သည့် ယင်းဖြစ်စဉ်သည် စုစုပေါင်း ၂၅ မိနစ်တာမျှ ကြာမြင့်ကြောင်း၊ အမေရိကန်၏ အီးပီ ၃ လေယာဉ်ရှေ့တည့်တည့်မှ ရုရှားအက်စ်ယူ ၂၇ တိုက်လေယာဉ်က တိုက်ရိုက်နှင့် လျင်မြန်စွာပျံသန်း နှောင့်ယှက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောဆိုခဲ့သည်။

ရုရှားတိုက်လေယာဉ်သည် အမေရိကန်လေယာဉ်ရှေ့မှ ထပ်မံပျံသန်းလျက် အရှိန်မြှင့်စက်ကိုပါဖွင့်လျက် အမေရိကန်အား တုန်ခါမှုဖြစ်ပွားစေရန် တမင်ဖန်တီးခဲ့သည်။
လေယာဉ်ချင်းမည်မျှထိ နီးကပ်အောင်ချဉ်းကပ်ခဲ့သည်ကိုမူ ပြောဆိုခဲ့ခြင်းမရှိသလို ရုရှားတိုက်လေယာဉ်တွင် လက်နက်တပ်ဆင်ထားခြင်းရှိမရှိလည်း မသဲကွဲပေ။

အမေရိကန်ရှိ ရုရှားသံရုံး၏တွစ်တာအကောင့်က ရုရှားတိုက်လေယာဉ်သည် လိုအပ်သမျှဘေးကင်းရေး အစီအမံများအတိုင်း လိုက်နာခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အမေရိကန်၏ အီးပီ ၃ အေရီးထောက်လှမ်းရေးလေယာဉ် တစ်စီးကို တွေ့ရှိခဲ့ကြောင်း၊ ယင်းကြောင့် လုံခြုံရေးစည်းမျဉ်းများနှင့်အညီ ရုရှားလေပိုင်နက်ကို ချိုးဖောက်ခြင်းမရှိအောင် တားဆီးခဲ့သည်ဟု အက်စ်ယူ ၂၇ တိုက်လေယာဉ်မှူးက သတင်းပေးခဲ့ကြောင်းလည်း ဖော်ပြခဲ့သည်။
မေလကလည်း ဘောလ်တစ်ပင်လယ်ပြင်ပေါ်မှ ဝေဟင်တွင် အမေရိကန်ရေတပ်မှ ပီ ၈ ကင်းလှည့်လေယာဉ်တစ်စီးကို အက်စ်ယူ ၂၇ တစ်စီးက အလားတူ အန္တရာယ်ရှိလောက်ဖွယ် အနေအထားဖြင့် ကြားဖြတ်ခဲ့ကြောင်း၊ အမေရိကန်လေယာဉ်နှင့် ပေ ၂၀ ခန့်မှ ဖြတ်သန်းခဲ့ကြောင်း သိရသည်။