ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ အရှေ့လေပွေလှိုင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်မည်

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ အရှေ့လေပွေလှိုင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်မည်

ထိုင်းပင်လယ်ကွေ့မှ အရှေ့လေပွေလှိုင်းတစ်ခုသည် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းသို့ ဝင်ရောက်လာပြီး အနောက်မြောက်ယွန်းယွန်းသို့ ရွေ့လျားလာကာ နိုဝင်ဘာ ၁၂ ရက်တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိလာနိုင်သည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြောထားသည်။ 

"တကယ်လို့သာ ဆရာပြောတဲ့လမ်းကြောင်းအတိုင်းသွားမယ်ဆိုရင် နိုဝင်ဘာ ၁၄ ရက်နေ့ကစပြီး ၁၆ ရက်အထိ မိုးရမယ် ။ ရခိုင်ပြည်နယ်မြောက်ပိုင်း ၊ မကွေးတိုင်းအနောက်မြောက်ပိုင်း ၊ ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ မန္တလေးတိုင်းမြောက်ပိုင်း ၊ ကချင်ပြည်နယ်တို့မှာ မိုးရပါမယ်။ မိုးလွန်ကာလမှာ ဆိုင်ကလုန်းမုန်တိုင်းက တစ်နှစ်ကို အနည်းဆုံး လေးကြိမ်ဖြစ်တာဆိုတော့ နောက်ထပ်က ကျန်သေးတယ် ။ နှစ်မကုန်ရင် နောက်ထပ် နှစ်ကြိမ်ဖြစ်ဦးမယ်လို့ ခန့်မှန်းပါတယ် " ဟု ၎င်းက ပြောသည်။ 
လက်ရှိအချိန်တွင် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ 
နိုဝင်ဘာ ၇ ရက်တွင် ကချင်ပြည်နယ်၌ နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်ဖြစ်ကြောင်း ၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အများအားဖြင့် သာယာပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည် ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် သုံးပေမှ ခြောက်ပေခန့် ရှိနိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး