နယူးဇီလန်နိုင်ငံ၌ ငါးဖမ်းသမားတစ်ဦးသည် သမုဒ္ဒရာထဲ မျောပါနေသည့် လမ်းလျှောက်တတ်ခါစ ကလေးငယ်တစ်ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း အေပီသတင်းဌာနက ဖော်ပြခဲ့သည်။
အောက်တိုဘာ ၂၆ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် ဂတ်စ် ဟတ်သည် ကမ်းခြေ၌ ငါးဖမ်းနေစဉ် အရုပ်လေးတစ်ရုပ် ရေထဲမျောပါနေသည်ဟု ထင်မှတ်ခဲ့သည်။ ယင်းနောက် ရေထဲဆင်းကာ အရုပ်ကို ဖမ်းဆွဲလိုက်သည့်အခါမှ ကလေးငယ်ဖြစ်မှန်းသိရှိခဲ့သည်။
အစကအရုပ်လို့ထင်ခဲ့တာ၊ ဆံပင်လေးတွေ ရေတွေစိုရွှဲနေပြီး သူ့မျက်နှာလေးကလည်း အရုပ်လေးလိုပဲလေ၊ နောက်မှ ငြီးသံလေးကြားမှ ကလေးလေးပဲ၊ အသက်ရှင်သေးတယ်ဆိုပြီး ဆွဲတင်လိုက်တာ ဟု ဟတ်က ဒေသခံမီဒီယာသို့ပြောဆိုခဲ့သည်။ အသက် ၁၈ လသားအရွယ် ယောကျာ်းလေး မာလာချီ ရိဗ်သည် နော့သ်အိုင်လန်းရှိ မာတာတာကမ်းခြေ၌ မိသားစုနှင့်အတူ စခန်းချ အပန်းဖြေနေချိန်အတွင်း မိဘများအိပ်ပျော်နေစဉ် ရေစပ်သို့ ထွက်ခဲ့ခြင်းဖြစ်သည်။
အပန်းဖြေစခန်းသို့ ပုံမှန်လာရောက်ပြီး ငါးဖမ်းလေ့ရှိသည့် ဟတ်သည် ငါးမျှားနေကျနေရာတွင် မမျှားဘဲ အခြားနေရာတွင် မျှားခဲ့သည့်အတွက် ကလေးငယ်ကိုတွေ့ရှိကာ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အပန်းဖြေစခန်းပိုင်ရှင် ရီဘက်ကာ ဆယ်လ်တာက အေပီသို့ပြောဆိုခဲ့သည်။ ကလေးငယ်၏မိဘများကို သွားနှိုးပြီးနောက် ကလေးကိုကယ်ဆယ်ခဲ့ရကြောင်း ပြောဆိုသည့်အခါတွင် မိဘများ အလွန်အမင်းအံ့သြတုန်လှုပ်ခဲ့ကြောင်း ဆယ်လ်တာကပြောဆိုခဲ့သည်။
သဲထဲတွင် ကလေးငယ်၏ခြေရာများကို တွေ့ရှိခဲ့ရသောကြောင့် ကလေးငယ်သည် တဲထဲမှ ထွက်ကာ ရေထဲသို့ဆင်းသွားခြင်းဖြစ်ကြောင်း ကောက်ချက်ချနိုင်ခဲ့သည်။ ဟတ်က ၎င်းကိုမတွေ့ရှိမီတွင် ကလေးငယ်သည် ၁၅ မီတာ ( ပေ ၅၀ ) ခန့် မျောပါနေခဲ့သည်။
ကလေးငယ်ကို ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပြီး စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း၊ မိဘများကိုလည်း အရေးယူမှုမပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။ မာလာချီသည် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီး ဆေးရုံမှ ဆင်းပြီးနောက် မိဘများနှင့်အတူ ၎င်းထံသို့လာရောက်ခဲ့ကြောင်း ဟတ်ကပြောဆိုခဲ့သည်။ သူက တော်တော်ကိုစူးစမ်းတတ်တယ်၊ ချစ်စရာ ငနဲလေး ဟု ဟတ်က ပြောဆိုခဲ့သည်။

















