၂၀၁၇ဘောလုံးရာသီက အသင်းဖျက်သိမ်းခဲ့သည့် ချင်းယူနိုက်တက်အသင်းသည် လာမည့်ဘောလုံးရာသီတွင် နေရှင်နယ်လိဂ်-၂ပြိုင်ပွဲမှ စတင်ယှဉ်ပြိုင်ရန် လိဂ်ကော်မတီသို့ စာရင်းပေးသွင်းထားပြီး အသင်း၏ ကစားသမားရွေးချယ်ပွဲကို နိုဝင်ဘာ ၁၂ရက်တွင် ဗဟန်းမြက်ခင်းတုကွင်း၌ ကျင်းပမည်ဖြစ်သည်။
ချင်းယူနိုက်တက်အသင်းသည် စီနီယာအသင်းအတွက် ကစားသမားရွေးချယ်ပွဲကို နိုဝင်ဘာ ၁၂ရက်မှ ၁၆ရက်အထိ ဗဟန်းမြက်ခင်းတုကွင်း၌ နံနက်၉ နာရီခွဲမှစတင်၍ ကျင်းပမည်ဖြစ်သည်။ ချင်းယူနိုက်တက် စီနီယာအသင်းကို နိင်ငံခြားသားကစားသမား သုံးဦးအပါအဝင် ကစားသမား ၃၀ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး လူငယ်အသင်းများအတွက် ကစားသမားရွေးချယ်ပွဲကိုလည်း ထပ်မံကျင်းပဦးမည်ဖြစ်သည်။
ချင်းယူနိုက်တက်အသင်းကို ၂၀၁၂ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၄ခုနှစ်တွင် နေရှင်နယ်လိဂ်-၁သို့တက်ရောက်နိုင်ခဲ့သည်။ ထို့နောက် လိဂ်-၁တွင်လေးရာသီကျင်လည်ခဲ့ကာ ၂၀၁၇ခုနှစ်ဘောလုံးရာသီအပြီးတွင် လိဂ်-၂သို့တန်းပြန်ဆင်းခဲ့ရသော်လည်း ဆက်လက်မယှဉ်ပြိုင်တော့ဘဲ အသင်းအား ဖျက်သိမ်းခဲ့သည်။















