တရုတ်နည်းပညာကုမ္ပဏီကြီး Tencent Holdings သည် ကလေးနှင့် လူငယ်များ အသက်အရွယ်အလိုက် အွန်လိုင်းဂိမ်းဆော့ချိန်များကို ကန့်သတ်ရန် စီစဉ်လျက်ရှိသည်။
တရုတ်နိုင်ငံသည် ကလေးများဂိမ်းစွဲခြင်းကို ကန့်သတ်လျှော့ချရန် ကြိုးပမ်းလျက် ရှိနေသည်။
ယခုနှစ်ဆန်းပိုင်းက စတင်ကာTencent သည် တရုတ်နိုင်ငံတွင် လူကြိုက်အလွန်များသော ၎င်းတို့၏ Honour of Kings ဂိမ်းကို ဆော့သူများအား မှတ်ပုံတင်အစစ်ဖြင့် အကောင့်ဖွင့်ရမည့်စနစ်သို့ ပြောင်းလဲခဲ့သည်။
အကောင့်ဖွင့်သူတိုင်း၏ မှတ်ပုံတင်အချက်အလက်များနှင့် အသက်အရွယ်တို့ကို ရဲတပ်ဖွဲ့ မှတ်တမ်းဖြင့် အတိအကျ တိုက်ဆိုင်စစ်ဆေးပြီးမှ အကောင့်ကို အသိအမှတ်ပြုပေးသည်။
အသက် ၁၂ နှစ်အောက်ကလေးများသည် Honour of Kings ဂိမ်းကို တစ်နေ့လျှင် တစ်နာရီသာ ဆော့ခွင့်ရမည်ဖြစ်သည်။ ၁၂ နှစ်အထက်များသည် နှစ်နာရီဆော့ခွင့်ရမည် ဖြစ်သည်။
ကလေး၊ လူငယ်များ ပညာရေးအတွက် စာပေလေ့လာချိန်အဖြစ် ညပိုင်းများကို သတ်မှတ်ထားပြီး ထိုအချိန်တွင် ဝင်ဆော့၍မရအောင် ပိတ်ထားမည်ဖြစ်သည်။
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဂိမ်းဈေးကွက်အကြီးဆုံးနိုင်ငံလည်း ဖြစ်သည်။ တရုတ်အစိုးရသည် ကလေးများ ဂိမ်းဆော့လွန်းမှုကြောင့် အမြင်အာရုံထိခိုက်ခြင်း၊ ဂိမ်းစွဲစိတ်ရောဂါခံစားရခြင်းများ တိုးပွားနေခြင်းကို လျှော့ချနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
အာဏာပိုင်များ၏ ဖိအားကြောင့် Tencentသည် ၂၀၁၇ ဇူလိုင်က စတင်ကာ ကလေးများ Honour of Kings ကစားချိန်ကို တဖြည်းဖြည်း ကန့်သတ်လာခဲ့ခြင်းဖြစ်သည်။ မှတ်ပုံတင်အစစ်ဖြင့်သာ အကောင့်ဖွင့်နိုင်သည့်စနစ်သာမက၊ မျက်နှာမှတ်သားစနစ်ကိုလည်း သုံးကာ သက်ဆိုင်ရာအကောင့်ပိုင်ရှင် လူငယ်များ အကောင့်အမျိုးမျိုးသုံးကာ ဂိမ်းဆော့ခြင်းကိုလည်းတားမြစ်နိုင်ရန် စီစဉ်ထားသည်။

















