တရုတ်မြို့တစ်မြို့တွင် အပြင်ထွက် ခွေးကျောင်းခြင်းတားမြစ်

တရုတ်မြို့တစ်မြို့တွင် အပြင်ထွက် ခွေးကျောင်းခြင်းတားမြစ်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဝမ်ရှန်းမြို့တွင် နေ့အချိန်၌ အပြင်ထွက် ခွေးကျောင်းခြင်းများကို တားမြစ်လိုက်သလို ပန်းခြံ၊ ရှော့ပင်းစင်တာ၊ အားကစားဆိုင်ရာနေရာများနှင့် အများပြည်သူဆိုင်ရာ နေရာများသို့လည်း ခွေးခေါ်လာခွင့် တားမြစ်လိုက်သည်။

ယူနန်ပြည်နယ် ဝမ်ရှန်းမြို့ အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာ ၂၉ ရက်တွင် တားမြစ်မိန့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ နံနက် ၇ နာရီရှေ့ပိုင်းနှင့် ည ၁၀  နာရီနောက်ပိုင်းတွင်သာ အပြင်ထွက် ခွေးကျောင်းခွင့်ပြုကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ 

ခွေးချည်ကြိုးသည်လည်း သုံးပေထက် ပိုမရှည်ရ။ ခွေးကိုအရွယ်ရောက်ပြီးသူတစ်ယောက်ယောက်က အချိန်ပြည့် ထိန်းထားရမည်ဟုလည်း သတ်မှတ်ဖော်ပြထားသည်။

တရုတ်မြို့ အများအပြားသည်လည်း မည်သည့်ဧရိယာများတွင် မည်သည့်အရွယ်အစားခွေးများသာ မွေးရမည်ဟု ကန့်သတ်ချက်များ ထုတ်ပြန်ထားသည်။

မြို့တော် ပေကျင်းတွင်လည်း မြို့လယ်ဧရိယာများ၌ ခွေးကြီးများမွေးခြင်းကို တားမြစ်ထားသည်။

တရုတ်နိုင်ငံသည် ယခင်ကတည်းက ခွေးမွေးခွင့်ကို တင်းကျပ်ထားသော နိုင်ငံဖြစ်ပြီး ယခုတားမြစ်မိန့်သည် အတင်းကျပ်ဆုံးအမိန့်တစ်ရပ်လည်း ဖြစ်သည်။

တရုတ် ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းလက်ထက်က စတင်ကာ ခွေးမွေးခြင်းကို ဇိမ်ခံလူတန်းစားလုပ်ရပ်အဖြစ် သတ်မှတ်နှိပ်ကွပ်ခဲ့သည်။

သို့သော် နောက်ပိုင်းတွင် တရုတ်နိုင်ငံစီးပွားတောင့်တင်းလာမှု၊ လူလတ်တန်းစားတိုးပွားလာမှု၊ တစ်အိမ်ထောင် ကလေးတစ်ယောက်သာ ယူရမှုတို့ကြောင့် ခွေးများသည် မိသားစုအများအပြား၏ အချစ်တော်များ ဖြစ်လာကြသည်။