ဂျပန်နိုင်ငံတွင် လူငယ်များသတ်သေနှုန်းသည် ပြီးခဲ့သည့် နှစ်သုံးဆယ်အတွင်းအမြင့်ဆုံးရောက်ရှိလာကြောင်းဂျပန်ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ပြောကြားသည်။
၂၀၁၆ မှ ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်းမူလတန်းမှ အထက်တန်းအရွယ်လူငယ် ၂၅၀ သတ်သေခဲ့ကြကြောင်း မှတ်တမ်းများအရ သိရသည်။
ရှေ့နှစ်ကထက် ငါးဦးပိုများခဲ့သလို၊ ၁၉၈၆ ခုနှစ်နောက်ပိုင်းအမြင့်ဆုံးနှုန်းလည်း ဖြစ်သည်။အိမ်တွင်းရေး ပြဿနာ၊ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုနှင့် ကျောင်းနှင့်အရပ်ထဲတွင်အနိုင်ကျင့်ခံရမှုများသည်ကလေးများသတ်သေရသည့် အဓိကအကြောင်းရင်းများဖြစ်သည်။
သတ်သေသူ၂၅၀အနက်၁၄၀သည်မည်သည့်အတွက်ကြောင့်သတ်သေကြောင်းကိုခိုင်မာသောအထောက်အထားများရှာမရသေးပေ။
သတ်သေမှု အများဆုံးအစုမှာအထက်တန်းအရွယ် လူငယ်စုဖြစ်ကြောင်းလည်းပညာရေးဝန်ကြီးဌာနစာရင်းက ဆိုသည်။
ဂျပန် အစိုးရအဖွဲ့က ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်သောလေ့လာမှုစစ်တမ်းတစ်ရပ်သည် ၁၉၇၂ မှ ၂၀၁၃ ခုနှစ်အတွင်းကျောင်းသားလူငယ်များသတ်သေနှုန်းကိုလေ့လာထားပြီး သတ်သေမှုအများဆုံးကာလသည် ကျောင်းဒုတိယနှစ်ဝက် စတင်သည့် စက်တင်ဘာ ၁ ရက် ဝန်းကျင်ဖြစ်ကြောင်း တွေ့ရသည်။
ဂျပန်နိုင်ငံသည် အရွယ်စုံသတ်သေနှုန်းလည်း မြင့်မားသော နိုင်ငံဖြစ်ပြီးသတ်သေမှုများလျော့ကျရေးအစိုးရ၏ အားထုတ်မှုများကြောင့် ၂၀ဝ၃ ခုနှစ်ကတစ်နှစ်လျှင် ၃၄၅၀ဝ ဦးသတ်သေခဲ့ရာမှ ၂၀၁၇ တွင် ၂၁၀ဝ၀ ဦးသို့ ကျဆင်းခဲ့သည်။ သို့တိုင် ကျောင်းသားလူငယ်များသတ်သေနှုန်းကအခြားအသက်အရွယ်အစုများနှင့်ယှဉ်လျှင် မြင့်မားနေဆဲဖြစ်သည်။
“ကျောင်းသားလူငယ်တွေသတ်သေနှုန်းကတခြားအရွယ်တွေနဲ့စာရင် မြင့်နေတုန်း ဖြစ်ပါတယ်။ အခုထက် အားစိုက်ထုတ်ပြီးကိုင်တွယ်ကြဖို့ လိုနေပါသေးတယ်” ဟုပညာရေးဝန်ကြီးဌာနတာဝန်ရှိသူ နိုရီယာကီကီတာဇာကီက ပြောသည်။

















