မြစ်ကြီးနားမြို့နယ်တွင် သိန်းနှစ်ထောင်ကျော်တန်ဖိုးရှိ ဘိန်းဖြူဆပ်ပြာခွက်၊စိတ်ကြွရူးသွပ်ဆေးများနှင့်အတူ အမှုတွင်ပါဝင်သူ ၅ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့ပြီး တိမ်းရှောင်နေသူ နှစ်ဦးကို စစ်ဆေးရန် ဆက်လက်စုံစမ်းလျက်ရှိသည်။
နိုဝင်ဘာ ၅ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မြစ်ကြီးနားမြို့နယ်၊(၂၁)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် နမ္မတီးဘက်မှ ကွတ်ခိုင်မြို့ နေ ဂျုံးခေါင် (၃၀ နှစ်)မောင်းနှင်ပြီး မြစ်ကြီးနားမြို့နေ တင်အောင်လင်း(၃၀ နှစ်) လိုက်ပါလာသည့် CROWN ခဲရောင်မော်တော်ယာဉ်ကို သက်ဆိုင်ရာက စစ်ဆေးခဲ့သည်။
အဆိုပါယာဉ်၏ယာဘက်ခြေနင်းအောက်ရှိအံဝှက်၊ဝဲဘက်ခြေနင်းအောက်အံဝှက်၊ နောက်ဖုံးဘန်ဘာ အံဝှက်နှင့် ရှေ့ဘန်ဘာအံဝှက်တို့အတွင်း သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူမှုန့်အလေးချိန်(၁ ဒသမ ၆၂၇၅)ကီလိုဂရမ်ပါ ရောင်စုံဆပ်ပြာခွက် ၁၅၅ ခွက်နှင့် 88 ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၉၇၀ဝ ပြားစုစုပေါင်းတန်ဖိုး (၂၁၉၃၀ဝ၀ဝ၀)ဖိုးခန့်ကိုတွေ့ရှိ သိမ်းဆည်းခဲ့သည်။
ထိုသို့ဖမ်းဆီးစစ်ဆေးနေစဉ် ဂျုံးခေါင် (၃၀ နှစ်)ကို မွန်းမိုင်က ဖုန်းဖြင့်ဆက်သွယ်ကာ ယာဉ်ဖြင့် လာရောက်ခေါ်ဆောင်ကြောင်းသိရသဖြင့် ညနေ ၃ နာရီခန့်က မြစ်ကြီးနားမြို့နယ်မော်ဖောင်းကျေးရွာအနီး၊ မြစ်ကြီးနား - မိုးကောင်းကားလမ်းမပေါ်တွင် မြစ်နားမြို့နေ ဆိုင်းဒူအောင် (၂၁ နှစ်) မောင်းနှင်ပြီး မွန်းမိုင် (၁၉ နှစ်) လိုက်ပါလာသည့် NEW ZHINENG ဆိုင်ကယ်ကို တွေ့ရှိဖမ်းဆီးခဲ့သည်။
သက်ဆိုင်ရာ၏ စစ်ဆေးချက်အရ ဖမ်းဆီးရမိခဲ့သည့် ပစ္စည်းများမှာ တင်အောင်လင်း၏ဇနီးဖြစ်သူ လွမ်းနော(ခ)ဘုတ်ရန် (စိစစ်ဆဲ) ၏စေခိုင်းချက်အရ သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသဖြင့် တင်အောင်လင်း၏ မြစ်ကြီးနားမြို့၊တပ်ကုန်းရပ်ကွက်၊ အင်ဂျန်ဒုံ၊ အိမ်အမှတ်(၁၈၈)သို့ ဝင်ရောက်ရှာဖွေခဲ့သည်။
ထိုသို့ ရှာဖွေခဲ့ရာ အိမ်သော့ထိန်းသိမ်းရသူ ဝေါ်ဆာ(၂၂) နှစ်ကို ဆက်လက်ဖမ်းဆီးခဲ့သည်။ ၄င်းနေအိမ် အိပ်ခန်းကုတင်ပေါ်ရှိ ခရီးဆောင်ကျောပိုး အိတ်အတွင်းမှ မူးယစ်ဆေးဝါးရောင်းချရငွေ ဟုယူဆရသည့်ကျပ်သိန်း(၈၀)တွေ့ရှိသိမ်းဆည်းခဲ့ပြီး အဆိုပါမူးယစ်ဆေးဝါးများကို မူဆယ်မြို့ (၄၅)ကုန်းနေ ဇော်တန်(ခ)ဇော်ဂမ်ထံမှ မြစ်ကြီးနားမြို့သို့သယ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့သည်။
ဖမ်းဆီးရမိခဲ့မှုနှင့်ပတ်သက်၍ မြစ်ကြီးနားနယ်မြေရဲစခန်းက မယ(ပ)၁၅၈/၁၈ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့်အရေးယူထားပြီး လွမ်းနော(ခ)ဘုတ်ရန်လွမ်းနော (စုံစမ်းဆဲ)နှင့် ဇော်တန်(ခ)ဇော်ဂမ်(စုံစမ်းဆဲ)တို့ နှစ် ဦးကို စစ်ဆေးနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။

















