ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ကာရံထားသည့် Guard Rail တန်းကို အိမ်စီးကားတစ်စီးက တိုက်မိခဲ့ပြီး တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့မှု နိုဝင်ဘာ ၆ ရက်က ဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ နံနက် ၅ နာရီ မိနစ် ၅၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၁၇၀/ဝ-၁)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သာဂရအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမကြီးမီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်ကူညီခဲ့သည်။
ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ် ကျေးရွာနေဦးသန်းဦး(၄၈)နှစ်မောင်းနှင်လာ သော VIGO အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ အဆိုပါနေရာ လမ်းလယ်ကျွန်းတွင် ကာရံထားသည့် Guard Rail တန်းကို တိုက်မိခဲ့သည်။
ယာဉ်ပေါ်တွင်လိုက်ပါလာသူ တစ်ရွာတည်းနေ ဦးလှဝင်း(၅၇) နှစ်တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး မသန္တာဝင်းပါ(၃)ဦး ဒဏ်ရာများရရှိခဲ့သည်။
သာဂရအမြန်လမ်းမကြီးရဲစခန်းက ယာဉ်(ပ)၃၃/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ အရ လည်းကောင်း၊ Guard Rail တန်းများ ပျက်စီးဆုံးရှုံးခဲ့သဖြင့် (ပ)၃၄/၁၈၊ အမြန်လမ်းမကြီးများ ဥပဒေပုဒ်မ ၁၉ အရလည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားသည်။

















