မရမ်းကုန်းမြို့နယ်တွင် အိမ်ရှင် ညှင်းပန်းနှိပ်စက်သဖြင့် အသက် ၁၃ နှစ်အရွယ် အိမ်အကူမိန်းကလေးကို အတွင်းလူနာအဖြစ် ဆေးရုံတင်ရသည့်ကိစ္စကို သက်ဆိုင်ရာက အမှုဖွင့်အရေးယူထားသည်။
ဖြစ်စဉ်မှာ မရမ်းကုန်းမြို့နယ် ချယ်ရီလမ်း၊ အမှတ် (၁၃၀)၊ ဒုတိယထပ်နေ အိမ်ရှင် မသိင်္ဂီထွန်း (၃၃)နှစ်က အိမ်အကူမိန်းကလေးကို ညှင်းပန်းနှိပ်စက်ထားသဖြင့် ဒဏ်ရာများရရှိထားကြောင်း မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်ရာအိမ်မှူး ဦးဆန်းကိုကိုက နိုဝင်ဘာ ၅ ရက် မွန်းလွဲပိုင်းက သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။
သက်ဆိုင်ရာက သတင်းအရ သွားရောက်စစ်ဆေးခဲ့သည်။ အိမ်အကူမိန်းကလေးတွင် ဖူးရောင်ဒဏ်ရာများရရှိထားသဖြင့် မေးမြန်းခဲ့ရာ နိုဝင်ဘာ ၅ ရက်တွင် မသိင်္ဂီထွန်းက ခြေထောက်ဖြင့်ကန်၍ ရရှိခဲ့သည့် ဒဏ်ရာဖြစ်ကြောင်း ယာဒူးတွင် ရရှိထားသည့် ညိုမဲဒဏ်ရာဟောင်းမှာ လွန်ခဲ့သောတစ်နှစ်ခန့်က မသိင်္ဂီထွန်းက မီးပူနှင့်ကပ်၍ ရရှိထားသော ဒဏ်ရာဖြစ်ကြောင်း ပြောပြသိရှိခဲ့သည်။
ထို့ပြင် ဝဲ/ယာလက်မောင်းနှင့် ဝဲယာလက်ကောက်ဝတ်များအနီး ရရှိထားသော ပြတ်ရှဒဏ်ရာ ဟောင်းမှာ လွန်ခဲ့သော(၂)လခန့်က ဓားဖြင့်မွှန်း၍ ရရှိသောဒဏ်ရာ ဖြစ်ကြောင်း၊ ကျောတွင် ရရှိထားသော ညိုမဲဒဏ်ရာဟောင်းမှာ ရေနွေးပူဖြင့်လောင်း၍ ရရှိခဲ့သော ဒဏ်ရာဖြစ်ကြောင်း၊ ဦးခေါင်းဝဲ/ ယာချိုစောင်းတွင် ရရှိထားသောပြတ်ရှဒဏ်ရာအမာရွတ်ဟောင်းမှာ ဓားဖြင့်ခုတ်၍ ရရှိခဲ့သည့် ဒဏ်ရာဟောင်းဖြစ်ကြောင်း ပြောပြသိရသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။
ဒဏ်ရာရရှိသူ မိန်းကလေးငယ်သည် အတွင်းလူနာ(စိုးရိမ်ရ)ဖြင့် အင်းစိန်ဆေးရုံသို့ တက်ရောက်ကုသရသောကြောင့် ဘုရင့်နောင်နယ်မြေရဲစခန်းက(ပ)၂၂၈၈/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ အရ အမှုဖွင့် အရေးယူထားသည်။

















