မြန်မာနိုင်ငံတွင် အမုန်းစိတ်ဖြင့်ဟောပြောခြင်းဖြင့် အကြမ်းဖက်မှုဖြစ်ပွားစေရန် လှုံ့ဆော်မှုတွင် ဖေ့စ်ဘွတ်ခ်အား အသုံးချခဲ့ခြင်းကို လုံလောက်စွာတားဆီးနိုင်ခဲ့ခြင်းမရှိဟု ဖေ့စ်ဘွတ်ခ်က ဝန်ခံခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလတွင် ပရမ်းပတာနှင့် ကြိုးကိုင်ခြယ်လှယ်မှုများ မဖြစ်စေရန် ကြိုတင်ကာကွယ်သင့်ကြောင်း ၄င်း၏အကြံပေးအုပ်စုတစ်စုက အကြံပြုခဲ့သည်။
နိုဝင်ဘာ ၇ ရက် အေပီသတင်းဖော်ပြချက်အရ လူ့အခွင့်အရေးကို ကာကွယ်ရန်၊ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုများပြန့်နှံ့ရန် လှုံ့ဆော်ရာတွင် ဖေ့စ်ဘွတ်ခ်ကိုအသုံးမပြုနိုင်စေရန် ပိုမိုလုပ်ဆောင်နိုင်ခဲ့သင့်ကြောင်း ထုတ်ကုန် မူဝါဒမန်နေဂျာ အဲလက်စ် ဝါရိုဖ်ကာက ၄င်း၏ဘလော့စပေါ့တွင်ရေးသားခဲ့သည်။
အကျိုးအမြတ်မယူသည့်စီးပွားရေးလုပ်ငန်းတစ်ခု၏ လူမှုတာဝန်ရှိမှုကို လေ့လာသည့်အုပ်စုတစ်ခုအား ဖေ့စ်ဘွတ်ခ်၏အနေအထားကို လေ့လာရန် ဖေ့စ်ဘွတ်ခ်က လုပ်ငန်းအပ်နှံခဲ့ပြီး ယင်းအုပ်စုက ၆၂ မျက်နှာပါအစီရင်ခံစာကို မကြာမီက ထုတ်ပြန်ခဲ့သည်။
ယင်းအစီရင်ခံစာက မြန်မာနိုင်ငံတွင် ဘင်္ဂါလီ(မူရင်းဖော်ပြ ရိုဟင်ဂျာ)အရေး၊ လူနည်းစုနှင့် ဘာသာရေးပဋိပက္ခ အရေးတို့တွင် ဖေ့စ်ဘွတ်ခ်အား အသုံးချခဲ့ခြင်းကို ခွင့်ပြုခဲ့ခြင်းအတွက် အပြင်းအထန်ဝေဖန်ထားသည်။
ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် အကြီးအကျယ် ပရမ်းပတာဖြစ်စေရန်နှင့် ကြိုးကိုင်ခြယ်လှယ်မှုများမပြုနိုင်ရန် ကြိုတင်ကာကွယ်ရေး အပါအဝင် ဆောင်ရွက်သင့်သည်များကို အကြံပြုထားသည်။
သုံးစွဲသူအနည်းစုသည် နိုင်ငံတကာဥပဒေကို ချိ်ုးဖောက်လျက် ကြောက်မက်ဖွယ်ရာဇဝတ်မှုကျူးလွန်မှု အပါအဝင် မြန်မာ့ဒီမိုကရေစီအခြေယိုင်စေရန်နှင့် လက်တွေ့အကြမ်းဖက်မှုများ လှုံ့ဆော်ရန် ဖေ့စ်ဘွတ်ခ်ကို ပလက်ဖောင်းတစ်ခုအဖြစ် အသုံးချလာကြောင်းလည်း အစီရင်ခံစာက ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် လူများစွာအတွက် ဖေ့စ်ဘွတ်ခ်ဆိုသည်မှာ အင်တာနက်ပင်ဖြစ်သည် ဟူသည့် အခြေအနေ ဖြစ်နေပုံကိုလည်း အစီရင်ခံစာကထောက်ပြခဲ့ပြီး ဖေ့စ်ဘွတ်ခ်သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် လှုပ်ရှားသူများ စည်းရုံးရာတွင် အရေးပါသည့်နေရာ၌ ရှိနေပုံကိုလည်း ဖော်ပြခဲ့သည်။
နိုင်ငံရေးလှုပ်ရှားသူများ၊ လူ့အခွင့်အရေးကာကွယ်သူများ၊ အမျိုးသမီးများနှင့် လူနည်းစုများကဲ့သို့ အုပ်စုများသည် အမုန်းတရားနှင့်ပြောဆိုမှု၊ နှောင့်ယှက်ခံရမှုများကြောင့် ကိုယ့်ကိုယ်ကိုယ်ဆင်ဆာဖြတ်တောက်ခြင်းသို့ ဦးတည်နေကြောင်းလည်း ဖော်ပြခဲ့သည်။
ယင်းအစီရင်ခံစာကို အမေရိကန်သက်တမ်းဝက် ရွေးကောက်ပွဲကြိုရက်၌ ထုတ်ပြန်ခဲ့သော်လည်း အမေရိကန် ရွေးကောက်ပွဲသည် ဦးစားပေးမဟုတ်ကြောင်း၊ မြန်မာ့အရေးအပေါ်တွင်သာ အာရုံစိုက်ထားကြောင်း ဖေ့စ်ဘွတ်ခ်က ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံအတွက် ဖေ့စ်ဘွတ်ခ်ဆောင်ရွက်ခဲ့သည်များကို အစီရင်ခံစာက အသိအမှတ်ပြုထားပြီး များစွာ လုပ်ဆောင်ရဦးမည်ဟုလည်း အစီရင်ခံစာက ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်၏အမြဲတမ်းဝန်ထမ်းတစ်ဦးမျှ မရှိသော်လည်း ဝန်ထမ်းများနှင့် မြန်မာနိုင်ငံသို့ ပုံမှန်သွားရောက်လေ့လာသည့် ခရီးများရှိနေသည်။

















