အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်မှ ခရစ် ဝတ်သည် ကိုယ်ဝန်ဆောင် ဇနီးသည်နှင့် သမီးနှစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း ရုံးတော်၌ ဝန်ခံလိုက်ပြီဖြစ်သည်။
၎င်းကို စွဲဆိုထားသော စွဲချက် ၉ ချက်လုံးအတွက် ဝန်ခံမည်ဆိုပါက သေဒဏ်စီရင်ခံရခြင်းမှ လွတ်ငြိမ်းခွင့်ပေးမည်ဟု တရားသူကြီးက သဘောတူခဲ့သဖြင့် ဝန်ခံခဲ့ခြင်းဖြစ်သည်။ ကိုယ်ဝန် ၁၅ ပတ် ရှိနေပြီဖြစ်သော ဇနီးဖြစ်သူ အသက် ၃၄ နှစ်အရွယ် ရှာနန် ဝတ်၊ သုံးနှစ်သမီး ဆလက်တီနှင့် လေးနှစ်သမီး ဘဲလာတို့ကို သတ်ဖြတ်ခဲ့မိကြောင်း ဖခင်ဖြစ်သူ မစ္စတာ ဝတ်က ဝန်ခံခဲ့သည်။
ဇနီးနှင့် သမီးနှစ်ဦးသည် ယခုနှစ် သြဂုတ်တွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ဇနီးဖြစ်သူကို မြှုပ်ထားသည့် အနီးရှိ ဆီတိုင်ကီအတွင်း၌ သမီးနှစ်ဦး၏ အလောင်းများကို ရှာဖွေတွေ့ရှိခဲ့သည်။ မစ္စတာ ဝတ်ကို လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှု၊ ကိုယ်ဝန်သန္ဓေသား သတ်ဖြတ်မှုများဖြင့် ကနဦး အမှုဖွင့် အရေးယူခဲ့သည်။ မစ္စတာ ဝတ်သည် ကနဦးတွင် လီဆယ် ထွက်ဆိုခဲ့သည်။ ၎င်းသည် အခြားမိန်းမ တစ်ယောက်နှင့် ပွေရှုပ်မိသည်ကို ဇနီးသည် သိသွားပြီးနောက် ဇနီးဖြစ်သူသည် သမီးတစ်ဦးကို သတ်ပစ်ခဲ့ကြောင်း၊ နောက်တစ်ယောက်ကို သတ်မည်လုပ်စဉ် ၎င်းက ဝင်တားဆီးရာမှ သမီးရော၊ ဇနီးသည်ပါ သေဆုံးသွားခြင်းဖြစ်ကြောင်း မစ္စတာဝတ်က ထွက်ဆိုခဲ့သည်။
သို့သော် ယခုနောက်ဆုံးတွင် သုံးဦးလုံးကို ၎င်းက သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောင်းလဲ ဝန်ခံလိုက်ခြင်းဖြစ်သည်။
ဝန်ခံလိုက်ခြင်းကြောင့် မစ္စတာ ဝတ်သည် သေဒဏ်စီရင်ခံရခြင်းမှ လွတ်ကင်းမည်ဖြစ်သော်လည်း လူသတ်မှုများအတွက် တစ်သက်တစ်ကျွန်းပြစ်ဒဏ် သုံးရပ်ထိ ကျခံရဖွယ်ရှိသည်။
ဇနီးဖြစ်သူ ရှာနန်ဝတ်၏ မိသားစုများကမူ မစ္စတာ ဝတ်ကို သေဒဏ်စီရင်ရန် ဖိအားပေး တောင်းဆိုခြင်းမျိုး မရှိသေးကြောင်းလည်း ဝဲလ် ခရိုင် အစိုးရရှေ့နေ မိုက်ကယ် ရော်ကီက ပြောသည်။

















