အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ အယိုဓယမြို့သည် နိုဝင်ဘာ ၆ ရက်တွင် ဟိန္ဒူပွဲတော် ဒီပါဝလီနေ့အကြို ဆီမီးထွန်းညှိပွဲတစ်စိတ်တစ်ပိုင်းအဖြစ် ဆီမီး ၃၀ဝ၁၅၀ ဖြင့် ပူဇော်ခဲ့ပြီး မီးမငြိမ်းအောင် ၄၅ မိနစ်ခန့်ကြာအောင် လုပ်ဆောင်နိုင်မှုဖြင့် ဂင်းနစ်ကမ္ဘာ့စံချိန်ချိုးနိုင်ခဲ့ပြီဖြစ်သည်။
ဆာယုမြစ်ကမ်းတစ်လျှောက်တွင် ဆီမီးထွန်းညှိခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယားသမ္မတကတော် ကင်ဂျန်ဆုတ်သည် လေးရက်ကြာခရီးစဉ်အတွင်း အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒာ မိုဒီနှင့် တွေ့ဆုံခဲ့ပြီးနောက် စံချိန်တင် မီးပူဇော်ပွဲကိုတက်ရောက်ခဲ့သည်။
အေဒီ ၄၈ တွင် အယိုဓယမှ မင်းသမီးတစ်ဦးသည် ကိုရီးယားသို့သွားရောက်ပြီး ကိုရီးယားဘုရင်နှင့်ထိမ်းမြားကာ မိဖုရားတစ်ပါးဖြစ်လာခဲ့ကြောင်း ကိုရီးယားဒဏ္ဍာရှိခဲ့သောကြောင့် ကင်ဂျန်ဆုတ်၏ အခမ်းအနားတက်ရောက်မှုသည် အဓိပ္ပာယ်ရှိနေသည်။
ဆီမီးထွန်းညှိပူဇော်ပွဲကို မောင်းသူမဲ့လေယာဉ်များရှိ ကင်ရာများဖြင့် စောင့်ကြည့်မှတ်တမ်းတင်ခဲ့သည့် ဂင်းနစ်အရာရှိများက ဥတ္တရာပရာဒေ့ရှ်ပြည်နယ်ဝန်ကြီးချုပ် ယောဂီအဒစ်ယာနတ်သ်ကို ဂင်းနစ်စံတော်ချိန်မှတ်တမ်းကို ပေးအပ်ခဲ့သည်။
ဟိန္ဒူနတ်ဘုရား ရာမ မွေးဖွားပြီး ၁၄ နှစ်ခန့် အဝေးသို့ရောက်ပြီးနောက် ပြန်လာခဲ့သည့်နေရာဟု ယူဆခြင်းခံရသည့် အယိုဓယ၌ စေတနာ့ဝန်ထမ်းများသည် နိုဝင်ဘာ ၆ ရက် အနှောင်းပိ်ုင်းတွင် ဒီယာခေါ်ဆီမီးကိုထွန်းညှိခဲ့ကြသည်။ ယမန်နှစ်တွင် ဂင်းနစ်မှတ်တမ်းဝင်ရန် ကြိုးပမ်းခဲ့သော်လည်း လေပြင်းသောကြောင့် ဆီမီးများစွာ ငြိမ်းသွားခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ဆီမီး ၁၅၀ဝ၀၉ ခုဖြင့် ပူဇော်ပြီး စံချိန်တင်ခဲ့ရာ နိုဝင်ဘာ ၆ ရက် ပူဇော်မှုသည် ယခင်စံချိန်ကို ချိုးနိုင်ခဲ့သည်။
စေတနာ့ဝန်ထမ်း ၅၀ဝ၀ သည် ဆီမီးထွန်းညှိမှုတွင်ပါဝင်ခဲ့ခြင်းဖြစ်သည်။

















