အမေရိကန်၏ပိတ်ဆို့မှုနှင့်အတူ စီးပွားရေးအခြေအနေ ပိုမိုကျပ်တည်းလာသည်ကို ရင်ဆိုင်ရမည့် သာမန်အီရန် ပြည်သူအများစု၏ အမျက်ဒေါသသည် အခွင့်ထူးရရှိနေပြီး သုံးဖြုန်းနေသည့် ချမ်းသာကြွယ်ဝသူများ၊ အာဏာရှိသူများအပေါ် ကျရောက်လာခဲ့သည်။
လွန်ခဲ့သည့်နှစ်က လူထုဆန္ဒပြမှုများ အများအပြားဖြစ်ပွားခဲ့သည့် အီရန်တွင် ရုန်းကန်နေရသူများသည် သာသာရေး ခေါင်းဆောင်များ၊ သံတမန်များ၊ အရာရှိများနှင့် ၄င်းတို့မိသားစုများကို ပိုမိုလက်ညိုးထိုးလာကြသည်။ မထင်ရှားသော်လည်း အင်စတာဂရမ်တွင် ဖော်လိုဝါ ၂၅၆၀ဝ၀ ရှိလာပြီဖြစ်သည့် ဘာသာရေးခေါင်းဆောင် စီယက်မာဒီ ဆာဒရိုဆာဒါတီက မကြာမီက အီရန်အထူးတပ်ဖြစ်သည့် ရီပတ်ဘလီကန်အစောင့်တပ်မှ တပ်မှူးကြီးတစ်ဦး၏ သားဖြစ်သူတင်ထားသောပို့စ်ကို ဝေဖန်ခဲ့သည်။
အိမ်ကြီးရခိုင်တစ်ခု၏လသာဆောင်တွင် မွေးထားသည့်ကျားတစ်ကောင်နှင့် ဆဲလ်ဖီအလှရိုက်ထားသည့် ဓာတ်ပုံကိုတင်ခဲ့ခြင်းဖြစ်သည်။ ၂၅ နှစ်သားလူငယ်တစ်ဦးက အလှမွေးကျားဝယ်နိုင်လောက်အောင် ချမ်းသာနေစဉ် ပြည်သူများသည် မိမိတို့ကလေးအတွက် သေးခံဝယ်နိုင်အောင်ပင် ခက်ခဲနေကြောင်း ဆာဒရိုဆာဒါတီက ရေးသားခဲ့သည်။ အီရန်တွင် ယင်းကဲ့သို့ဝေဖန်မှုသည် မကြုံစဖူးဖြစ်ပြီး ယခုအခါ အခြားပုဂ္ဂိုလ်အများအပြားလည်း ဝေဖန်ခံနေရပြီဖြစ်သည်။
နျူကလီးယားသဘောတူစာချုပ်မှ အမေရိကန်ကိုဆွဲထုတ်ရန် သမ္မတထရမ့်က ကတိပြုခဲ့သည့် ၂၀၁၈ နှစ်စတွင် အမေရိကန်တစ်ဒေါ်လာလျှင် အီရန်ငွေကြေး ရီအဲလ် ၄၃၀ဝ၀ ရှိခဲ့ရာမှ ယခုအခါ မှောင်ခိုဈေးကွက်တွင် ၁၄၉၀ဝ၀ အထိ ကျဆင်းနေသည်။
ယင်းကြောင့် လူနေမှုစရိတ် သိသိသာသာမြင့်တက်လျက်ရှိပြီး သွင်းကုန်များလည်း လျော့နည်းနေကာ အမေရိကန်က ဘဏ္ဍာရေးပြစ်ဒဏ်ခတ်မည်ကို စိုးရိမ်သောကြောင့် အီရန်မှနိုင်ငံခြားကုမ္ပဏီများ ထွက်သွားမည့်အရေးလည်း ရင်ဆိုင်နေရသည်။
စီးပွားရေးအကျပ်အတည်းများကြောင့် လွန်ခဲ့သည့်နှစ်နှောင်းပိုင်းတွင် အီရန်မြို့ ၈၀ ကျော်၌ ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၂၅ ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။

















