မိုက်ခရိုဆော့ကုမ္ပဏီတည်ထောင်သူ ဘီလျံနာဖြစ်သလို ပရဟိတသမားလည်းဖြစ်သည့် ဘီလ်ဂိတ်က ကမ္ဘာကြီးသည် ပိုမိုကောင်းမွန်သော သန့်စင်ခန်းများနှင့် ထိုက်တန်ကြောင်း တရုတ်နိုင်ငံပေကျင်းမြို့၌ ပြုလုပ်နေသည့် ပြန်လည်ဖန်တီးတီထွင်သော သန့်စင်ခန်းနည်းပညာပြပွဲ၌ နိုဝင်ဘာ ၆ ရက်တွင် ပြောဆိုခဲ့သည်။
ဘီလ်နှင့် ဇနီးသည် မိလန္ဒာတို့၏ ဘီလ်နှင့် မိလန္ဒာဂိတ်စ်ဖောင်ဒေးရှင်းသည် လွန်ခဲ့သော ခုနစ်နှစ်အတွင်း သန့်စင်ခန်းနည်းပညာသုတေသနအတွက် ဒေါ်လာ သန်း ၂၀ဝ ကို သုံးစွဲခဲ့ပြီးဖြစ်သည်။ သန့်စင်ခန်းနည်းပညာပြပွဲ၌ နောက်ဆုံးပေါ်မိလ္လာစနစ်ဆိုင်ရာထုတ်ကုန်များကို ပြသခဲ့သည်။
တရုတ်သမ္မတရှီကျင့်ဖျင်ကလည်း နိုင်ငံတစ်ဝန်း သန့်စင်ခန်းအဆင့်မြှင့်တင်ရေးကို သန့်စင်ခန်းတော်လှန်ရေးအဖြစ် အမည်တပ်ကာ အဓိကဦးစားပေးမူဝါဒချမှတ်ကာ အကောင်အထည်ဖော်လျက်ရှိနေသည်။ ပြပွဲ၌ မစင်အရည်နှင့် အခဲအတုံးများကို ဖယ်ရှားပြီး အန္တရာယ်ဖြစ်စေသော ဓာတ်များ၊ ဘက်တီးရီးယားများကို ဖယ်ရှားနိုင်သည့် နည်းပညာထုတ်ကုန်များကိုပြသခဲ့သည်။
သန့်စင်ခန်းနှင့် မိလ္လာစနစ်ဆိ်ုင်ရာ အဆင့်မြင့်နည်းပညာများဖန်တီးလို့ရမရ မေးခွန်းထုတ်ရမည့်အချိန်မဟုတ်ဘဲ ဖန်တီးထားသည့် နည်းပညာများကို မည်သို့အသုံးချမည်ဆိုသည်ကိုသာ မေးခွန်းထုတ်ရမည်ဖြစ်ကြောင်း ဘီလ်ဂိတ်ကပြောဆိုခဲ့သည်။
ဘီလ်ဂိတ်သည် ၎င်း၏နံဘေးတွင်လည်း မစင်များပါသည့် ခွက်ကြီးတစ်ခုကိုလည်းထားရှိခဲ့သည်။ ခွက်ကြီးထဲရှိ မစင်များထဲတွင် ရိုတာဗိုင်းရပ်စ် ၂၀ဝ ထရီလီယံ၊ ရှီဂဲလာဘက်တီးရီးယား ၂၀ ဘီလီယံနှင့် ကပ်ပါးပိုးဥ ၁၀ဝ၀ဝ၀ ပါဝင်နိုင်ကြောင်း ဂိတ်ကပြောဆိုခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ လူ ၂ ဒသမ ၃ ဘီလျံခန့်သည် အခြေခံသန့်စင်ခန်းဆိုင်ရာအဆောက်အအုံများသုံးစွဲခွင့်မရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောဆိုခဲ့သည်။ ယင်းကြောင့်ဝမ်းရောဂါနှင့် သွေးဝမ်းသွားခြင်းတို့ဖြစ်ပွားပြီး နှစ်စဉ်လူထောင်ပေါင်းများစွာ သေဆုံးနေသည်။
ချမ်းသာသောနိ်ုင်ငံများတွင် မသန့်ရှင်းသော ရေများကိုစွန့်ထုတ်ပြီး သန့်ရှင်းသော ရေများကိုသွင်းယူကာ သန့်စင်စနစ်များထားရှိနိုင်သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများရှိ မြို့သစ်များ၌ နေထိုင်သော မချမ်းသာသူများသည် အဆင့်မြင့်သော မိလ္လာစနစ်ကို အသုံးမပြုနိုင်သေးသောကြောင့် မိလ္လာစနစ်ဆိုင်ရာ မညီမျှမှုရှိနေကြောင်း ဂိတ်ကပြောဆိုခဲ့သည်။
ပြန်လည်ဖန်တီးတီထွင်ထားသော သန့်စင်ခန်းစနစ်ကို စာသင်ကျောင်းများနှင့် တိုက်ခန်းများတွင် ဦးစွာအသုံးပြုမည်ဖြစ်ပြီး နောက်ပိုင်းတွင် မိသားစုတိုင်းအတွက် တန်ဖိုးသင့်တင့်သော စနစ်တစ်ခုဖြစ်လာရေး လုပ်ဆောင်မည်ဖြစ်ကြောင်း ဖောင်ဒေးရှင်းက ထုတ်ပြန်ထားသည်။

















