တရုတ်ကုမ္ပဏီတစ်ခုသည် သတ်မှတ်အရောင်းပမာဏ ပြည့်မီအောင် မရောင်းနိုင်သည့် ဝန်ထမ်းများကို ကျင်ငယ်ရေတိုက်၊ ပိုးဟပ်စားခိုင်းသဖြင့် တာဝန်ရှိသူ မန်နေဂျာများကို အရေးယူလိုက်ရသည်။
ဝန်ထမ်းများကို ခါးပတ်နှင့်ရိုက်ကာ ခွက်ထဲက ကျင်ငယ်ရေသောက်ခိုင်းနေသည့် ဗီဒီယိုသည် တရုတ်ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က မန်နေဂျာများကို ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။ ထိုကိစ္စနှင့် စပ်လျဉ်းပြီး တာဝန်ရှိ မန်နေဂျာသုံးဦးကို အချုပ် ငါးရက်မှ ဆယ်ရက်ထိ ချမှတ်အရေးယူလိုက်သည်။
တရုတ် အနောက်တောင်ပိုင်း ကူကျိုးပြည်နယ်ရှိ မြို့တစ်မြို့မှ အိမ်မွမ်းမံပြင်ဆင်မှုလုပ်ငန်းကုမ္ပဏီမှ ဝန်ထမ်းများ အနိုင်ကျင့်ခံရမှုဖြစ်ပြီး၊ အရောင်းသတ်မှတ်ပမာဏ မပြည့်သည့် ဝန်ထမ်းများကို အတင်းအကျပ် ကျင်ငယ်ရေတိုက်သည်ကို မျက်မြင်တွေ့ဖူးကြောင်း အခြားသော ဝန်ထမ်းများကလည်း ဆိုရှယ်မီဒီယာပေါ်တွင် တက်ရောက်ရေးသားထားကြသည်။
ကျင်ငယ်ရေ သောက်ခိုင်းသည့် နည်းလမ်းအပြင် ပိုးဟပ်အရှင်များ စားခိုင်းခြင်းမျိုးဖြင့်လည်း အရေးယူမည်ဟု မန်နေဂျာများက ခြိမ်းခြောက်မက်ဆေ့ပို့ထားသည်များကိုလည်း ဝန်ထမ်းများက ဆိုရှယ်မီဒီယာပေါ်တွင် တင်ထားကြသည်။ ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရလည်း ထိုကုမ္ပဏီသည် အရောင်းသတ်မှတ်ပမာဏပြည့်အောင် မလုပ်နိုင်သည့် ဝန်ထမ်းများကို အိမ်သာရေသောက်ခိုင်း၊ ခေါင်းတုံးတုံးခိုင်းပြီး စသည့် အရှက်ခွဲခြင်းမျိုးလည်းလုပ်လေ့ရှိသည်။
ကုမ္ပဏီသည် ဝန်ထမ်းများကို လစာမပေးနိုင်သည်မှာ နှစ်လရှိနေပြီဖြစ်ပြီး ဝန်ထမ်းများသည် အနိုင်ကျင့်ခံရမှုများကို ထုတ်ပြောပါက ကြွေးကျန်လစာများပါ ဆုံးရှုံးမည်ကို ကြောက်သောကြောင့် နှှုုတ်ဆိတ်နေခဲ့ကြခြင်းဖြစ်သည်။

















