ဖလော်ရီဒါ၌ ပြစ်မှုကြီးများဖြင့် ထောင်ကျသူများ မဲပေးခွင့် ရာသက်ပန် ရုပ်သိမ်းခံရခြင်းဥပဒေ ပယ်ဖျက်

ဖလော်ရီဒါ၌ ပြစ်မှုကြီးများဖြင့် ထောင်ကျသူများ မဲပေးခွင့် ရာသက်ပန် ရုပ်သိမ်းခံရခြင်းဥပဒေ ပယ်ဖျက်

အမေရိကန်ပြည်ထောင်စုဖလော်ရီဒါပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုက်ပြီဖြစ်သောကြောင့် ပြစ်မှုကြီးများဖြင့် ထောင်ကျဖူးသူ ၁ ဒသမ ၂ သန်းခန့်သည် မဲပေးခွင့်များရရှိကြပြီဖြစ်သည်။

ဖွဲ့စည်းပုံ ပြင်ဆင်ချက် အမှတ် ၄  ကိုထောက်ခံမဲ ၆၅ ရာခိုင်နှုန်းဖြင့် အတည်ပြုနိုင်ခဲ့ကာ နှစ်ပေါင်း ၁၅၀ ကြာသတ်မှတ်ချက်ကို ပြင်ဆင်နိုင်ခဲ့သည်။ ဖလော်ရီဒါသည် လူသတ်မှု၊ မုဒိန်းမှု စသည့် ပြစ်မှုကြီးများဖြင့် ထောင်ဒဏ်ကျခံရသူများကိုရာသက်ပန် မဲပေးခွင့် ပိတ်ပင်သည့် ပြည်နယ်လေးခုအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ပြစ်မှုကြီးများဖြင့် ထောင်ဒဏ်ကျခံရသူများသည် ပြစ်ဒဏ်ကျခံပြီးလွတ်လာလျှင်ပင် ငါးနှစ် ထပ်စောင့်ပြီးမှ မဲပေးခွင့်ပြုရေး ပြည်နယ်အုပ်ချုပ်ရေးမှူးထံလျှောက်ထားရသည်။ အုပ်ချုပ်ရေးမှူးကခွင့်ပြုပါမှ မဲပေးခွင့်ရရှိမည်ဖြစ်ပြီး၊ ခွင့်မပြုလျှင် မဲပေးခွင့် ရာသက်ပန် ဆုံးရှုံးမည်ဖြစ်သည်။ ၂၀၁၁ ခုနှစ်ကစတင်ကာအုပ်ချုပ်ရေးမှူး ရစ်ခ် စကော့သည် လျှောက်ထားသူများအနက် ဦးရေ ၂၀ဝ၀ ကိုသာမဲပေးခွင့် ချထားပေးခဲ့ကြောင်းတွေ့ရသည်။ 
    ပြစ်မှုကြီးများဖြင့် ထောင်ဒဏ် ကျခံပြီးသည့်တိုင် မဲပေးခွင့် ဆုံးရှုံးနေရသူများကိုအခွင့်အရေးပြန်လည် ပေးအပ်ရေးအတွက် လူရှစ်သိန်း၏ လက်မှတ်များစုဆောင်းကာ နိုဝင်ဘာ ၆ ရက်က ဆန္ဒခံယူပွဲကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ ဆန္ဒခံယူပွဲတွင် မဲ ဆန္ဒရှင် ၆၀ ရာခိုင်နှုန်းအထက် ထောက်ခံမဲပေးမှသာ ဥပဒေပြင်ဆင်ချက် အသက်ဝင်မည်ဖြစ်ရာ ၆၅ ရာခိုင်နှုန်းကထောက်ခံခဲ့ကြသဖြင့် အသက်ဝင်ခဲ့သည်။ 
    မိမိ ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် ပြစ်ဒဏ်များကိုအပြည့်အဝကျခံခဲ့ပြီးသည့်တိုင် လူ့အဖွဲ့အစည်းထဲသို့ အပြည့်အဝ ပြန်ပါဝင်ခွင့်မရရှိခြင်းသည် လူ့အခွင့်အရေးစံနှုန်းများနှင့် မညီညွတ်ကြောင်းဥပဒေပြင်ဆင်ရေးလှုပ်ရှားသူများကထောက်ပြခဲ့ကြသည်။