လေယာဉ်ကုန်ခန်းထဲရှိ ဒူးရင်းသီးကြောင့် အချင်းများ၍ လေယာဉ်ခရီးစဉ်နှောင့်နှေးခဲ့ရ

လေယာဉ်ကုန်ခန်းထဲရှိ ဒူးရင်းသီးကြောင့် အချင်းများ၍ လေယာဉ်ခရီးစဉ်နှောင့်နှေးခဲ့ရ

အင်ဒိုနီးရှား၌ ဘန်ကုလုမှ ဂျကာတာသို့ ထွက်ခွာမည့် သီရိဝိဇယလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် ဒူးရင်းသီးနံ့ပြင်းထန်လွန်းသောကြောင့် လေယာဉ်ခရီးစဉ်ကို ခေတ္တရွှေ့ဆိုင်းခဲ့ရသည်။

ကမ္ဘာပေါ်တွင် အနံ့အပြင်းဆုံး ဒူးရင်းသီးနှစ်တန်ခန့်ကို သီရိဝိဇယလေကြောင်းလိုင်းလေယာဉ်၏ ကုန်ခန်းထဲတွင် တင်ဆောင်ထားခဲ့ခြင်းဖြစ်သည်။ ခရီးသည်များက အသီးများကို ဖယ်ရှားပေးရန် တောင်းဆိုခဲ့ပြီး တောင်းဆိုမှုကိုမလိုက်နာသည့် လေယာဉ်အမှုထမ်းများနှင့် တွန်းထိုးမှုများပင်ရှိခဲ့သည်။ နောက်ဆုံးတွင် လေကြောင်းလိုင်းသည် တောင်းဆိုမှုကိုလိုက်လျောပြီး အသီးများကို ဖယ်ရှားပေးခဲ့သည်။
    နိုဝင်ဘာ ၅ ရက် အစောပိုင်းတွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လေယာဉ်သည် ဒေသဆိုင်ရာစံတော်ချိန် နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် ထွက်ခွာခဲ့သည်။ ဒူးရင်းသီးများကို ကုန်ခန်းထဲတွင် တင်ဆောင်ခွင့်ရှိနေကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ခဲ့သည်။
    လေယာဉ်ခရီးစဉ်စည်းမျဉ်းများအရ ကောင်းမွန်စွာထုတ်ပိုးထားပါက ဒူးရင်းသီးများကို တင်ဆောင်ခြင်းသည် တရားဝင်လုပ်ရပ်ဖြစ်ပြီး အခြားလေကြောင်းလိုင်းများကလည်း အလားတူလုပ်ဆောင်ခဲ့ကြောင်း လေကြောင်းလိုင်းမှဆက်သွယ်ရေးမန်နေဂျာ ရဲထရီ မာယာက ပြောဆိုခဲ့သည်။
    အာရှတွင် ဒူးရင်းသီးကို တန်ဖိုးထားစားဖွယ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး ယင်းအသီးနှင့်ပတ်သက်၍ အငြင်းပွားစရာများရှိခဲ့သည်။ အနံ့ပြင်းလွန်းသောကြောင့် ဒူးရင်းသီးကို အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်၊ ဟိုတယ်များနှင့် နိုင်ငံတချို့ရှိ လေယာဉ်များတွင်ထားရှိခွင့်ပိတ်ပင်မှုများရှိခဲ့သည်။
    လေယာဉ်ပေါ်တက်တက်ချင်း ဒူးရင်းသီးအနံ့ရသောကြောင့် မခံနိုင်ကြောင်း ပြောဆိုခဲ့ရာ လေယာဉ်အမှုထမ်းက တိုင်ကြားလွှာကိုသာ ဖြည့်သွင်းရန် ပြောဆိုခဲ့ကြောင်း ခရီးသည် အမီရ် ဇီဒန်းကပြောဆိုခဲ့သည်။ အခြားခရီးသည်များကလည်း ဒူးရင်းသီးများကို ဖယ်ရှားပေးရန် ဝိုင်းဝန်းတောင်းဆိုခဲ့သည်။
    နောက်ဆုံးတွင် ခရီးသည်အားလုံးကို လေယာဉ်ပေါ်မှဆင်းခိုင်းပြီး ဒူးရင်းသီးများကို ဖယ်ရှားခဲ့သည်။ လေယာဉ်ပေါ်တွင် ဒူးရင်းသီး ၂၀၂၅ ကီလိုဂရမ်ခန့်ရှိခဲ့ပြီး ခရီးသည်များ စိတ်အနှောင့်အယှက်မဖြစ်စေရန်အတွက် နောင်တွင် ထုပ်ပိုးမှုစနစ်ကို သုံးသပ်သွားမည်ဖြစ်ကြောင်း ဘန်ကုလုလေဆိပ်၏အကြီးအကဲ အာနီစ် ဝါဓာနာက ပြောဆိုခဲ့သည်။