ပဲခူးမြို့ယာဉ်ရပ်နားဝင်းအသစ်တွင်ဖွင့်လှစ်ထားသည့် ကေတီဗွီဆိုင်များ၌ ခြိမ်းခြောက်ကာ လူမိုက်ကြေးငွေဟု တောင်းယူနေသူ ခြောက်ဦးကို သက်ဆိုင်ရာက နိုဝင်ဘာ ၆ ရက်တွင် ဖမ်းဆီးခဲ့သည်။
နိုဝင်ဘာ ၆ ရက်နေ့ညပိုင်းက ပဲခူးမြို့ ကျွန်းသာယာရပ်ကွက် ယာဉ်ဝင်းသစ်အတွင်း ဖွင့်လှစ်ထားသော ကာလာဇုန် ကေတီဗွီဆိုင်သို့ ဇော်ထူး(စိစစ်ဆဲ)ပါ ခြောက်ဦး ရောက်ရှိလာပြီး လူမိုက်ကြေး ကျပ်နှစ်သိန်းခွဲကို တောင်းယူခဲ့သည်။
ဆိုင်ပိုင်ရှင်က ငွေမရှိသေး၍ မပေးနိုင်သေးကြောင်း ပြောဆိုစဉ် အဆိုပါခြောက်ဦးက မကျေမနပ်ဖြစ် ကာ ဆိုင်းအတွင်းရှိ ကေတီဗွီအခန်းတစ်ခန်းကို ဝင်ရောက်အသုံးပြုနေစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါကေတီဗွီဆိုင်အတွင်းရှိ ၄င်းတို့အသုံးပြုထိုင်သွားသည့် ကေတီဗွီခန်းအတွင်း ဆိုဖာခုံအောက်တွင် ဓားနှစ် လက်နှင့် ပိုက်ဆံအိတ်အတွင်းမှ ငွေကျပ်နှစ်သိန်းခွဲကျော်တို့ကိုသက်ဆိုင်ရာက သိမ်းဆည်းရမိခဲ့သည်။
သက်ဆိုင်ရာ၏စစ်ဆေးချက်အရ ဇော်ထူးပါ ခြောက်ဦးက ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက လူမိုက်ကြေးဟုဆိုကာ ငွေကျပ်ငါးသိန်းတောင်းယူရာ ကျပ်နှစ်သိန်းခွဲသာပေးနိုင်ပါမည်ဟု ညှိနှိုင်း၍ ယင်းခြောက် ဦးထံပေးခဲ့ရကြောင်း ပူးတွဲတိုင်ကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ယာဉ်ဝင်းသစ်အတွင်း ဖွင့်လှစ်ထားသော 99, Feel, ပိုင်အိုးနီးယား စသည့် ကေတီဗွီဆိုင်များက စိုင်းမောင်မောင်၊ ဇော်ထူးပါ ခြောက်ဦးတို့ထံ ငွေကျပ်နှစ်သိန်းခွဲစီ လူမိုက်ကြေးပေးခဲ့ရသည်များ စစ်ဆေးပေါ် ပေါက်ခဲ့သည်။
အမှတ် (၂)နယ်မြေရဲစခန်းက (ပ)၁၁၈၅ /၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆ အရ အမှုဖွင့်အရေးယူထားသည်။

















