နတ်ရေကန်တောင် တောအတွင်းပြန်လည်လွှတ်ပေးခဲ့သည့် အောက်ချင်းငှက် နှစ်နှစ်အတွင်း ၁၉ ကောင်ရှိခဲ့

နတ်ရေကန်တောင် တောအတွင်းပြန်လည်လွှတ်ပေးခဲ့သည့် အောက်ချင်းငှက် နှစ်နှစ်အတွင်း ၁၉ ကောင်ရှိခဲ့

မကွေးတိုင်းဒေသကြီးအတွင်း တရားမဝင်ဖမ်းဆီးသယ်ဆောင် ရောင်းချသူများထံမှ ဖမ်းဆီးရမိခဲ့သော ချင်းပြည်နယ်အထိမ်းအမှတ် ရှားပါးမျိုးစိတ်ဖြစ်သည့် အောက်ချင်းငှက် (ခ) အောင်လောင်ငှက်များအား ငဖဲမြို့နယ် နတ်ရေကန်တောင်ဒေသ မန်းကြိုးပြင်ကာကွယ် တောနှင့် ဂုတ်ကြီးရေထိန်းတောအတွင်း ဘေးမဲ့ပြန်လည်လွှတ်ပေးခဲ့သည်မှာ ၂၀၁၇၊ ၂၀၁၈ ခုနှစ် နှစ်နှစ်တာကာလအတွင်း  ၁၉ ကောင်ထိရှိကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သိရသည်။

"ရှားပါးတဲ့ အောက်ချင်းငှက် (ခ) အောင် လောင်ငှက်တွေကို ၂၀၁၇ ခုနှစ်အတွင်း မင်းတုန်း မြို့နယ်မှ ကိုးကောင်ကို တရားမဝင်ခိုးယူသယ်ဆောင်သူတို့ထံမှ ဖမ်းဆီးရမိခဲ့ပါ တယ်။ ယခု ၂၀၁၈ ခုနှစ်အတွင်း မကွေးမြို့မှာ ၁၀ ကောင် ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီး ရမိခဲ့တဲ့ အောက်ချင်းငှက်တွေကို ငဖဲမြို့နယ် နတ်ရေကန်တောင်ဒေသ တောအတွင်းဘေးမဲ့ပြန်လည် လွှတ်ပေးခဲ့ပါတယ်။ ယခုလို ပြန်လည်ဘေးမဲ့လွှတ်ပေးခဲ့တာက တောင်ပေါ်ဒေသအပြင် အခြားသောပြည်သူလူထုကပါ ရှားပါးတိရစ္ဆာန်တွေ ထိန်းသိမ်းရကောင်းမှန်းသိရှိစေရန် လည်းဖြစ်ပါတယ်" ဟု မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့် သိန်းခိုင်က ပြောဆိုသည်။

အောက်ချင်းငှက် (ခ) အောင်လောင်ငှက်မှာ ချင်းတိုင်းရင်းသားတို့၏ အထိမ်းအမှတ် ငှက်ဖြစ်ကာ အဆိုပါတရားမဝင် သယ်ဆောင်ရောင်းဝယ်သူများအား တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေး၊ သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၇ (က) ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

"ဒီလို ဆောင်းဦးပေါက်ရာသီမှာ ဒီလိုဖြစ်စဉ်မျိုးတွေ ဖြစ်လေ့ရှိပါတယ်။ ယမန်နှစ်က ကျွန်တော်တို့ ကွန်ရက်စစ်တမ်းအရ အကောင်ရေ ၈၀ဝ နဲ့ ၉၀ဝ အကြားရှိတယ်လို့ သိရ ပါတယ်။ ကျွန်တော်တို့ အထိမ်းအမှတ်ငှက်ဖြစ်ပေမယ့် ဒေသခံတွေအနေနဲ့ စားဝတ်နေရေး ကြောင့် လုပ်ကြတာလို့ သိရတယ်။ တောထဲမှာ တစ်ကောင်ကို ကျပ် ၂၅,ဝ၀ဝ၊ ၃၀,ဝ၀ဝ လောက် ဈေးရကြတယ်။ ပြည်၊ မန္တလေးရောက်သွားရင် တစ်ကောင်ကျပ် ၇၀,ဝ၀ဝ၊ ၈၀,ဝ၀ဝ လောက်ထိ ဈေးရကြတယ်"ဟု ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာနေ ချင်းတိုင်းရင်းသား ဆလိုင်း မျိုးလှိုင်ဝင်းက ပြောဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး