နိုင်ငံတကာ ဘိလိယက်နှင့်စနူကာအဖွဲ့ ချုပ်က ကြီးမှူးပြီး မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်က စီစဉ်ကျင်းပမည့် ကမ္ဘာ့ ဘိလိယက်နှင့်စနူကာချန်ပီယံရှစ်ပြိုင်ပွဲနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲအခမ်းအနား ကို နိုဝင်ဘာ ၆ ရက် နံနက် ၁၀ နာရီက တောင်ဥက္ကလာပမြို့နယ် (၁၄)ရပ်ကွက် မေတ္တာ လမ်းနှင့် သခင်ဖိုးလှကြီးလမ်းထောင့်ရှိ Grand Mercure ဟိုတယ်၌ ကျင်းပခဲ့သည်။
အခမ်းအနား၌ အားကစားနှင့် ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြား ပြီး မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါက်တာမင်းနိုင်၊ ဒုတိယဥက္ကဋ္ဌ နှင့် အောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးသိန်း ဟန်၊ အတွင်းရေးမှူး ဦးခင်မောင်ဦးတို့က ပြိုင်ပွဲနှင့် ပတ်သက်သည်များကို ရှင်းလင်းပြော ကြားခဲ့သည်။
ကျင်းပမည်
အိမ်ရှင်အဖြစ်ကျင်းပမည့် ကမ္ဘာ့ဘိလိ ယက်နှင့် စနူကာချန်ပီယံရှစ်ပြိုင်ပွဲကြီးတွင် ဘိလိယက်ပြိုင်ပွဲနှစ်မျိုးကို နိုဝင်ဘာ ၁၂ ရက်မှ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး စနူကာ ပြိုင်ပွဲသုံးမျိုးကို နိုဝင်ဘာ ၁၉ ရက်မှ ၂၇ ရက် အထိ ကျင်းပမည်ဖြစ်သည်။
ယခုပြိုင်ပွဲသို့ နိုင်ငံတကာမှ နာမည်ကြီး ကစားသမားများဖြစ်ကြသည့် မိုက်ခ်ရပ်ဆဲလ်၊ ဒေးဗစ်ဂေါ်ဇီ၊ ပီတာဂေးခရစ်၊ ပန်ကတ် အက်ဒ်ဗာနီ၊ ရူပီရှား စသူတို့ အပါအဝင် နိုင်ငံ ၃၆ နိုင်ငံမှ ကစားသမားပေါင်း ၁၉၇ ဦး ယှဉ် ပြိုင်ကြမည်ဖြစ်သည်။ မြန်မာက အမျိုးသမီး ကစားသမားသုံးဦးအပါအဝင် ကစားသမား ၂၂ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
အမျိုးသမီးစနူကာပြိုင်ပွဲတွင် လက်ရှိ ချန်ပီယံ ဘယ်လ်ဂျီယံနိုင်ငံသူ ဝင်ဒီဂျန်လည်း လာရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၎င်းသည် ကမ္ဘာ့အမျိုးသမီးစနူကာပြိုင်ပွဲ၌ ငါးကြိမ်ဆက် ချန်ပီယံဖြစ်ထားသည်။ ယခု ပြိုင်ပွဲကို ဘလက်ရှီးလ်မှ တိုင်တယ်စပွန်ဆာအဖြစ် ကူညီပံ့ပိုးပေးထားသည်။
ထို့အပြင် မလေး ရှားနိုင်ငံ ဂျိုဟိုးမြို့တွင် အောက်တိုဘာလက ကျင်းပခဲ့သည့် အာရှဖိတ်ခေါ် စနူကာပြိုင်ပွဲ၌ ချန်ပီယံဆုရခဲ့သည့်ကိုထက်အား ဆုကြေး ကျပ်သိန်း ၂၀ ချီးမြှင့်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။















