စာရေးဆရာ ဟာရူကီ မူရာကာမိ ဂျပန်တက္ကသိုလ်တွင် မော်ကွန်းစာကြည့်တိုက်ဖွင့်ရန် စီစဉ်

စာရေးဆရာ ဟာရူကီ မူရာကာမိ ဂျပန်တက္ကသိုလ်တွင် မော်ကွန်းစာကြည့်တိုက်ဖွင့်ရန် စီစဉ်

တိုကျို-ဂျပန်နိုင်ငံသား နာမည်ကြီး စာရေးဆရာ တစ်ယောက်ဖြစ်သော ဟာရူကီ မူရာကာမိက သူ၏ ရောင်းအားအကောင်းဆုံး ဝတ္ထုစာမူကြမ်းများ၊ ဘာသာပြန်ဆိုထားမှုများနှင့် ဝါသနာအရ စုဆောင်းထားသော ဝတ္ထု ဇာတ်လမ်းများ၏ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်သည့် ဂီတဓာတ်ပြားများပါဝင်မည့် မော်ကွန်းစာကြည့်တိုက်ကို ၎င်း တက်ရောက်ခဲ့သည့် တက္ကသိုလ်တွင် ဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်။

"ကျွန်တော့် အလုပ်တွေနဲ့ပတ်သက်ပြီး သင်ယူလေ့လာချင်တဲ့ ဘယ်သူ့ကိုမဆို ဒီပစ္စည်းတွေက အထောက်အကူ ဖြစ်စေနိုင်ခဲ့တယ်ဆိုရင်ပဲ ဝမ်းသာမိပါတယ်" ဟု မော်ကွန်းစာကြည့်တိုက် ဖွင့်လှစ်မည့် ဝါဆေဒါ တက္ကသိုလ်တွင် တာဝန်ရှိသူများနှင့် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် မူရာကာမိက ပြောကြားခဲ့သည်။ ကမ္ဘာ့ နာမည်အကြီးဆုံး ဝတ္ထုစာရေးဆရာများအနက်တစ်ဦးဖြစ်သူ အသက် ၆၉ နှစ် အရွယ်ရှိ ဟာရူကီမူရာကာမိသည် ၁၉၇၅ ခုနှစ်တွင် ဝါဆေဒါ တက္ကသိုလ်က ဘွဲ့ရကာ တိုကျိုမြို့တွင် ဂျက်ဇ်ဂီတ ဘားဆိုင်တစ်ဆိုင်ဖွင့်ကာဝတ္ထုများကို စတင်ရေးသားခဲ့သည်။

သူ၏ ပွဲဦးထွက် ဝတ္ထုစာအုပ် "Hear the Wind Sing" မှာ ၁၉၇၉ ခုနှစ်တွင် ထွက်ခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် သူ့ကို လူငယ် စာပေကြယ်ပွင့်တစ်ပွင့် အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရသည့် ပထမဆုံး ရောင်းအားအကောင်းဆုံး "Norwegian Wood" စာအုပ် ထွက်ရှိခဲ့သည်။ နိုဝင်ဘာ ၅ ရက်တွင် ပြုလုပ်ခဲ့သည့် ပွဲသည် ၎င်း၏ ၃၇ နှစ်အတွင်း ပထမဆုံး တရားဝင် သတင်းစာရှင်းလင်းပွဲ ဖြစ်ကြောင်း မီဒီယာရှေ့ထွက်ရန် မဝံ့ရဲသည့်  မူရာကာမိက ပြောကြားခဲ့သည်။ သို့သော် ၂၀၁၈ ခုနှစ်တွင် စာရေးဆရာ ဟာရူကီ မူရာကာမိက အသံလွှင့်အစီအစဉ် နှစ်ကြိမ်၊ နယူးယော့ခ်မြို့တွင် ပြုလုပ်ခဲ့သည့် စာအုပ်မိတ်ဆက်ပွဲ အပါအဝင် အစီအစဉ်များတွင် ပရိသတ်များနှင့် တွေ့ဆုံခဲ့သည်။  နိုဝင်ဘာ ၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကို ဓာတ်ပုံရိုက်ကူးခွင့်ပြုခဲ့ကြောင်း သိရသည်။

မူရာကာမိက သူ၏ နေအိမ်နှင့်ရုံးခန်းတွင် နှစ် ၄၀ အတွင်း ရေးသားစုဆောင်းလာသော သူ၏ပစ္စည်းများ ထားရှိရန် နေရာမလုံလောက်တော့သဖြင့် လှူဒါန်းရန် ကမ်းလှမ်းခဲ့သည့်အချိန် ၂၀၁၈ ခုနှစ် အစောပိုင်းတွင် အဆိုပါ မော်ကွန်းစာကြည့်တိုက် စီမံကိန်း ထွက်ပေါ်လာခဲ့သည်။ အစီအစဉ်ကို အသေးစိတ် ရေးဆွဲလျက်ရှိပြီး မော်ကွန်းတိုက် တစ်စိတ်တစ်ပိုင်းကို ၂၀၁၉ ခုနှစ်တွင် စတင်မည်ဟု -ဝါဆေဒါတက္ကသိုလ် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဥရောပသို့ ခရီးသွားစဉ် မှတ်စုစာအုပ်ဖြင့် မူရာကာမိကိုယ်တိုင်ရေးသားခဲ့သည့် "Norwegian Wood" ဝတ္ထုစာမူကြမ်းပါရှိမည့်အပြင် စာရေးဆရာ ရေမွန် ကာဗာ ဂျေဒီ ဆယ်လင်ဂါနှင့် ဖစ်ဇ်ဂျရယ်ဒ်အပါအဝင် ၎င်းအနှစ်သက်ဆုံး စာရေးဆရာများ၏ ဝတ္ထုများကို ဘာသာပြန်ဆိုထားမှုတို့ ကနဦး မော်ကွန်းတိုက်ပြင်ဆင်မှုတွင် ပါဝင်ဖွယ်ရှိသည်။ ဟာရူကီ မူရာကာမိက အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ဝတ္ထုများကို ဂျပန်ဘာသာသို့ ပညာရှင်ပီသစွာ ဘာသာပြန်ဆိုနိုင်စွမ်းရှိသူတစ်ဦးဖြစ်သည်။ သို့သော် ၎င်းအတွက် ထိုသို့ဘာသာပြန်ဆိုမှုများသည် အလုပ်ထက် ဝါသနာ သက်သက်သာဖြစ်ကြောင်း မူရာကာမိက ဆိုသည်။

ဘာသာပြန်ဆိုခြင်းက ကွဲပြားခြားနားသော အမြင်များကို ပေးပြီး သူရေးသားနေသော ဝတ္ထုဇာတ်လမ်းကို ခြားနားချက် ကြီးကြီးမားမားဖြစ်စေကြောင်း သူကထည့်သွင်းပြောကြားခဲ့သည်။ကျောင်းသားများ၊ ပညာရှင်များ၊ သူ၏ စာအုပ်များနှင့် ဂျပန်စာပေကို စိတ်ဝင်စားသူများကို အဆိုပါ စာကြည့်တိုက်က အပြန်အလှန်အကျိုးပြုစေပြီး ယဉ်ကျေးမှုဖလှယ်ရေးတို့ကို ရရှိစေလိုကြောင်း မူရာကာမိက ပြောကြားခဲ့သည်။ အကောင်းဆုံးအနေအထားမှာ အဆိုပါ  မော်ကွန်းစာကြည့်တိုက်ကို သူသီချင်းနားထောင်ပြီး စာရေးသော အလုပ်နေရာနှင့် တူအောင် ပြင်ဆင်ထားလိုကြောင်းမူရာကာမိက ဆိုသည်။

ခန့်လင်းဦး ဘာသာပြန်သည်။