အထပ်မြင့် မိုးလုံလေလုံ ဟင်းသီးဟင်းရွက်စိုက်ခင်းများ ကမ္ဘာတစ်ဝန်း ပျံ့နှံ့လျက်ရှိ

အထပ်မြင့် မိုးလုံလေလုံ ဟင်းသီးဟင်းရွက်စိုက်ခင်းများ ကမ္ဘာတစ်ဝန်း ပျံ့နှံ့လျက်ရှိ

နည်းပညာကုမ္ပဏီများဖြင့် ဝန်းရံလျက်ရှိသော ဂျပန်နိုင်ငံ ကျိုတိုမြို့ ဆင်ခြေဖုံးရပ်ကွက် တစ်ခုတွင် Spread သည် ကမ္ဘာ့အကြီးဆုံး လူအစားထိုး စက်ကို အသုံးပြုသည့် ဟင်းသီးဟင်းရွက်စက်ရုံ ဖွင့်လှစ်ရန် ပြင်ဆင်နေသည်။

ထိုစက်ရုံသည် ကုမ္ပဏီ၏ ဒုတိယမြောက် အထပ်မြင့်စိုက်ခင်းဖြစ်ပြီး အထပ်မြင့်စိုက်ခင်း စိုက်ပျိုးရေးအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်သည်။ အဆိုပါ အထပ်မြင့်စိုက်ခင်း စိုက်ပျိုးရေး ကုန်ကျစရိတ်မှာ နည်းပါးလှသောကြောင့် အကြီးအကျယ်လုပ်ကိုင်လျက်ရှိသော သမားရိုးကျ စိုက်ပျိုးရေးကို ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။ မြေကြီးမပါဘဲ စင်မြင့်များတွင် မိုးလုံလေလုံစိုက်ပျိုးသည့် အထပ်မြင့်စိုက်ခင်းများသည် ကမ္ဘာပေါ်ရှိ တိုးချဲ့လာသောမြို့ကြီးများရှိ အစားအစာဝယ်လိုအားမြင့်တက်လာခြင်းအတွက် ဖြေရှင်းနည်းတစ်ခုအဖြစ် ဆယ်စုနှစ်များစွာ အမွှမ်းတင်ခြင်းခံခဲ့ရသည်။

ဂျပန်နိုင်ငံရှိ ဆီလီကွန်တောင်ကုန်းဟု လူသိများသည့် ကေဟန်နာ သိပ္ပံမြို့ပြရှိ ကုမ္ပဏီ၏ အထပ်မြင့် စိုက်ခင်းအသစ်တွင် စိတ်ကြိုက်ဒီဇိုင်း ပြုလုပ်ထားသော အယ်လ်အီးဒီ မီးလုံးများအောက်ရှိ စင်များပေါ်တွင် တစ်နေ့လျှင် ဆလတ်ရွက်ထုပ် သုံးသောင်းခန့်စိုက်ပျိုးမည်ဖြစ်သည်။ အလုံပိတ်ထားသည့် အခန်းက ဟင်းသီးဟင်းရွက်များကို ပိုးမွှားများ၊ ရောဂါပိုးများနှင့် အညစ်အကြေးများဘေးက ကာကွယ်ပေးထားသည်။ အပူချိန်နှင့်စိုထိုင်းဆကို အပင်များကြီးထွားမှု လျင်မြန်ရန် သင့်မြတ်အောင်ထားရှိကာ အပင်များကို ကျွေးမွေးပြုစုခြင်း၊ ဂရုစိုက်ခြင်းနှင့် ခူးဆွတ်ခြင်းများကို စက်ရုပ်နည်းပညာဖြင့် လုပ်ဆောင်နေသည်။

"ကျွန်တော်တို့ရဲ့ စနစ်က အရည်အသွေးကောင်းတဲ့ ဟင်းသီးဟင်းရွက်တွေကို ပုံမှန်ပမာဏ ထုတ်လုပ်ပေးနိုင်ပြီး  ဒါတွေကို ပုံသေဈေးနှုန်းနဲ့ တစ်နှစ်ပတ်လုံးရောင်းပေးနိုင်ပါတယ်။ ပိုးသတ်ဆေး သုံးစရာလည်းမလိုဘူး။ ရာသီဥတုရဲ့ သက်ရောက်မှုကိုလည်း မခံရဘူး" ဟု အသက် ၅၈ နှစ်ရှိ Spread Co. ဥက္ကဋ္ဌရှင်ဂျီအီနာဒါက  ကာမီအိုကာရှိ ကုမ္ပဏီ၏ စက်ရုံတွင် ပြုလုပ်သည့် အင်တာဗျူး၌ ပြောကြားခဲ့သည်။

အစားအစာ၏ ၆၀ ရာခိုင်နှုန်းခန့်ကို ပြည်ပမှ တင်သွင်းနေရသော ဂျပန်နိုင်ငံရှိ မြို့ကြီးများတွင် လတ်ဆတ်သည့် အစားအစာအတွက် ဈေးကြီးပေးဝယ်ခြင်းကို စီးပွားရေးအခွင့်အလမ်း စောင့်နေသူများက အသာစီးရယူထားသောကာလ ၁၉၇၀ ပြည့်လွန်နှစ်များမှစ၍ အရွယ်အစားသေးငယ်သည့် အထပ်မြင့် စိုက်ခင်းများကို စိုက်ပျိုးခဲ့ကြသည်။ သို့သော် ၂၀၁၀ ပြည့်နှစ်မတိုင်ခင်မှာပင် အထပ်မြင့် စိုက်ပျိုးသည့်အခန်းကဏ္ဍသည် စွမ်းအင်ချွေတာသည့် အယ်လ်အီးဒီမီးများ အသုံးပြုခြင်းနှင့် ဆန်းသစ်တီထွင် သည့်စိုက်ပျိုးနည်းကို ထောက်ပံ့ငွေများ ပံ့ပိုးပေးမည့် အစိုးရ၏အစီအစဉ်တစ်ရပ်ကြောင့် လျင်လျင်မြန်မြန် စတင်ကျယ်ပြန့်လာခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိ လက်ရှိလုပ်ကိုင်နေသော အထပ်မြင့်စိုက်ခင်းအများစုမှာ ဟင်းသီးဟင်းရွက် စိုက်ပျိုးရန် အခွင့်မသာသော ရာသီဥတုရှိသည့် နေရာများ၊ လတ်ဆတ်သည့်ပစ္စည်းများ တင်သွင်းရန် ပို့ဆောင်စရိတ်ကြီးသော နေရာများ၊ သို့မဟုတ် တရုတ်နိုင်ငံကဲ့သို့ လေထုညစ်ညမ်းမှုအန္တရာယ်ကြောင့် သန့်ရှင်းသော အစားအစာများ ဝယ်ယူနေရသည့် နေရာများတွင် တည်ရှိသည်။

အချို့ စီးပွားဖြစ်လုပ်ကိုင်သူများက အထပ်မြင့်စိုက်ခင်းများအတွက် အရှေ့အလယ်ပိုင်းရှိ ချမ်းသာကြွယ်ဝသော နိုင်ငံများကို ပစ်မှတ်ထားကြသည်မှာ  အဆိုပါနိုင်ငံများသို့ လတ်ဆတ်သော ကုန်ပစ္စည်းများတင်ပို့သည့် စရိတ်ကြီးခြင်းကြောင့် ဖြစ်သည်။ အခြားအထပ်မြင့် စိုက်ပျိုးခင်းများမှာ မိုးမျှော်ရုံးခန်းများ၊ ကွန်ဒိုများပေါ်တွင် စိုက်ပျိုးလာခဲ့ကြသည်။ တိုကျိုမြို့ရှိ ဂင်ဇာဈေးဝယ်ဧရိယာရှိ စက္ကူနှင့် စာရေးကိရိယာ လက်လီရောင်းချသော အိုင်တိုယာကပြင်ပစိုက်ခင်းများက စိုက်ပျိုးသည့် ဟင်းသီးဟင်းရွက်များနှင့် မယှဉ်နိုင်သောဈေးနှုန်းဖြင့် ၎င်းကော်ဖီဆိုင်များကို ဆလတ်ရွက်ထုပ်များ  ပံ့ပိုးနိုင်ရန် ၎င်း၏ ၁၂ ထပ်အဆောက်အအုံ ၁၁ ထပ်တွင် အထပ်မြင့်စိုက်ခင်းကို စိုက်ပျိုးထားသည်။

Spread Co. သည် ၎င်း၏ စိုက်ပျိုးရေးစနစ်ကို ကမ္ဘာတစ်ဝန်းရှိ မြို့ကြီးပေါင်း ၁၀ဝ ကျော်သို့တင်ပို့ရန် စီစဉ်ထားကာ အမေရိကန်က Softbank-backed Plenty ကုမ္ပဏီ၊ တရုတ်နိုင်ငံက Sanan Sino Science ကုမ္ပဏီအပါအဝင် အခြားကုမ္ပဏီများနှင့် ယှဉ်ပြိုင်နေရသည်။ Spread Co. သည် ၎င်း၏စနစ်ကို ပံ့ပိုးပေးရန် ယူအေအီးရှိ အစားအသောက်ထုတ်လုပ်သူ တစ်ဦးနှင့် သဘောတူညီချက် လက်မှတ်ရေးထိုးကာ အခြားကုမ္ပဏီ ၃၀ဝ ခန့်နှင့် ဆွေးနွေးပြောဆိုလျက်ရှိသည်ဟု အီနာဒါက ပြောသည်။

"ရေရှားပါးတာ၊ အပူချိန်နိမ့်လွန်းတာနဲ့ တခြားသဘာဝအခြေအနေတွေကြောင့် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ မထုတ်လုပ်နိုင်တဲ့ နိုင်ငံတွေကို ကျွန်တော်တို့က အဓိကရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့ရဲ့ တာဝန်က ကမ္ဘာပေါ်က မည်သူမဆို မည်သည့်နေရာမှာမဆို ဟင်းသီးဟင်းရွက် ထုတ်လုပ်ဖို့ အခြေခံအဆောက်အအုံကို ပံ့ပိုးကူညီပေးတာပါ" ဟု ၎င်းကပြောသည်။

နွယ်နွယ်ယဉ် ဘာသာပြန်သည်။