ဂျပန်ကုမ္ပဏီများ နိုင်ငံခြားသားအလုပ်သမားများ တိုးမြှင့်ခေါ်ယူ

ဂျပန်ကုမ္ပဏီများ နိုင်ငံခြားသားအလုပ်သမားများ တိုးမြှင့်ခေါ်ယူ

နိုင်ငံခြားသားအလုပ်သမား ပိုမိုလက်ခံရန် ရေးဆွဲထားသော ဥပဒေမူကြမ်းကို နိုဝင်ဘာ ၂ ရက်တွင် အစိုးရအဖွဲ့က အတည်ပြုခဲ့ပြီးနောက် အလုပ်သမားရှားပါးမှု အကြီးအကျယ် ခံစားနေရသော စီးပွားရေးလုပ်ငန်းကဏ္ဍများက အဆိုပါ မူကြမ်းကို ထောက်ခံအားပေးခဲ့ကြသည်။ သို့သော် ပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍများတွင် ထောင်ပေါင်းများစွာသော နိုင်ငံခြားသားအလုပ်သမားများစုပြုံရောက်ရှိလာမှုအတွက် ပြင်ဆင်ရန် အခက်အခဲများနှင့် ကုမ္ပဏီများ ရင်ဆိုင်ရဖွယ်ရှိသည်။

တန်ဂူး ဆာကဘ အီဇကာရ စားသောက်ဆိုင်ခွဲများ ပိုင်ဆိုင်သော Ten Allied ကုမ္ပဏီက တည်ထောင်ထားသည့် နိုင်ငံခြားသားအလုပ်သမား လေ့ကျင့်ရေးသင်တန်းကျောင်းရှိ စာသင်ခန်းတစ်ခုတွင် ဗီယက်နမ်လူမျိုး ကျောင်းသား ၂၀ ခန့်က စားသုံးသူ ဆက်ဆံရေးကို သင်ကြားလျက်ရှိသည်။ Ten Allied ကုမ္ပဏီက အလုပ်သမား ၂,၈၀ဝ ခန့် ခန့်အပ်ထားပြီး ၇၀ဝ ခန့်မှာ ဗီယက်နမ်လူမျိုးများဖြစ်သည်။

"နိုင်ငံခြားသား အလုပ်သမားမရှိဘဲ ကျွန်တော်တို့စားသောက်ဆိုင်တွေကို လည်ပတ်ဖို့ မဖြစ်နိုင်ဘူး" ဟု ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းတာဝန်ခံ တိုမိုဖူမီ ရှီယိုကာဝက ပြောကြားခဲ့သည်။ စားသုံးသူဆက်ဆံရေးသင်တန်းတွင် ဂျပန်နိုင်ငံယဉ်ကျေးမှု ပြုမူပြောဆိုပုံ ဟန်အမူအရာဖြင့် ပြောဆိုနိုင်ရန် နိုင်ငံခြားသားအလုပ်သမားများကို ဖြည့်စွက်မွမ်းမံသင်တန်းများ ပေးကြရသည်။

အလုပ်ရှာဖွေသူများအတွက် ရာသီအလိုက် အလုပ်အကိုင်အခွင့်အလမ်း ကမ်းလှမ်းမှုအဆင့်မှာ ၂၀၁၈ ခုနှစ် စက်တင်ဘာလ တွင် ၁ ဒသမ ၆၄ အထိရောက်ရှိခဲ့ပြီး  ၄၅ နှစ်အတွင်း အမြင့်ဆုံးအဆင့်ဖြစ်သည်။ ကုမ္ပဏီ လည်ပတ်မှုများ၌ အလုပ်သမားရှားပါးမှုက အကျိုးသက်ရောက်လျက်ရှိပြီး မိသားစုစားသောက်ဆိုင်ခွဲများနှင့် ဆောက်လုပ်ရေးစီမံကိန်းများတွင် လုပ်ငန်းကြန့်ကြာမှုများ ဖြစ်ပွားခဲ့သည်။

ထိုသို့ အကျိုးသက်ရောက်မှု နောက်ခံဖြစ်ရပ်ကို ဆန့်ကျင်ပြီး နိုင်ငံခြားသား အလုပ်သမားခေါ်ယူမှု အရေအတွက် တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာခဲ့သည်။ ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအရ ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် ဂျပန်နိုင်ငံ၌ နိုင်ငံခြားသား အလုပ်သမား ၁ ဒသမ ၂၈ သန်း ခန့်ရှိကြောင်းသိရသည်။ ထိုအနက် အရည်အချင်းအသိအမှတ်ပြု အလုပ်သမား နှစ်သိန်းလေးသောင်းခန့်ကို နေထိုင်ခွင့်ပေး၍ အလုပ်လုပ်ကိုင်ခွင့် ပေးထားကြောင်းသိရသည်။ အလုပ်သမား ရှားပါးမှုကြောင့် ဂျပန်နိုင်ငံကို လာရောက်သည့် နည်းပညာအလုပ်သင်နှင့် နိုင်ငံခြားသား ကျောင်းသားများက စားသောက်ဆိုင်များ၊ ဆောက်လုပ်ရေးနှင့် ကုန်ထုတ်လုပ်ရေးများတွင် အချိန်ပိုင်း ဝင်ရောက်လုပ်ကိုင်လျက်ရှိသည်။

နည်းပညာ အလုပ်သင်စနစ်အတွက် တရားဝင် ဦးတည်ချက်မှာ ဂျပန်နိုင်ငံ၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဖြစ်သည်။ မူဝါဒဥပဒေ ပြဋ္ဌာန်းချက်အရ အလုပ်သင်နိုင်ငံခြားသား နေထိုင်ခွင့်သက်တမ်းမှာ ငါးနှစ်အထိသာ သတ်မှတ်ထားပြီး နိုင်ငံခြားသား ကျောင်းသားများကိုလည်း တစ်ပတ်လျှင် ၂၈ နာရီသာ အလုပ်လုပ်ကိုင်ခွင့်ပေးထားသည်။ နိုင်ငံခြားသား အလုပ်သမားများ ခန့်အပ်ရာတွင် ဂျပန်ဘာသာစကား ကျွမ်းကျင်မှု၊ လိုအပ်သော ဗဟုသုတ အသိပညြွာကယ်ဝမှုနှင့် အရည်အချင်းတို့ကို အဓိကအလေးထားပြီး ဂျပန်နိုင်ငံအစိုးရက ရွေးချယ်ခေါ်ယူလျက်ရှိသည်။

ဂျပန်နိုင်ငံတစ်ဝန်းလုံးတွင် သက်ကြီးရွယ်အိုများအတွက် စောင့်ရှောက်ရေး စင်တာ ၃၀ဝ ခန့် ဖွင့်လှစ်ထားသော Sompo Care ကုမ္ပဏီက ၂၀၁၈ ဘဏ္ဍာနှစ်တွင် နည်းပညာပိုင်းဆိုင်ရာ အလုပ်သင် သင်တန်း အစီအစဉ်ဖြင့် သင်တန်းသားအဖြစ် ဗီယက်နမ်နိုင်ငံသား နှစ်ဦးသာ လက်ခံခဲ့သည်။ သင်တန်းသားတစ်ဦး လက်ခံရာတွင် ထိုအလုပ်သင်သင်တန်းသား၏ အခြေခံအဆင့်မှစပြီး ဂရုစိုက် သင်ကြားပြသစီမံခန့်ခွဲပေးရန် အချိန်ပြည့်ဝန်ထမ်းတစ်ဦး လိုအပ်သောကြောင့် သင်တန်းသား ဦးရေအများအပြား လက်ခံသည့်အခါမျိုးတွင် အခက်အခဲ ဖြစ်စေသည်။

ဂျပန်နိုင်ငံ၏ လုပ်သားအင်အားသည် ၂၀၁၇ ခုနှစ်တွင် ၆၇ ဒသမ ၂ သန်း မှ ၂၀၃၀ ပြည့်နှစ်တွင် ၅၈ ဒသမ ၈ သန်း အထိကျဆင်းနိုင်ကြောင်း မီဇူဟို သုတေသန အဖွဲ့အစည်း၏ ခန့်မှန်းချက်အရ သိရသည်။ အလုပ်သမားရှားပါးမှုကို နိုင်ငံခြားသား အလုပ်သမားဖြင့် ဖြည့်ဆည်းမှု အခြေအနေ က ဆက်လက် ရှိနေဦးမည်ဖြစ်သည်။ ထိုအတောအတွင်း ကွန်ပျူတာ အသိဉာဏ်အသုံးချမှုနည်းပညာ၊ သို့မဟုတ် စက်ရုပ်တီထွင်အသုံးချမှု နည်းပညာဖွံ့ဖြိုးတိုးတက်မှုက အလုပ်သမားရှားပါးမှု အခြေအနေကို မည်သို့သက်ရောက်နိုင်မည်ကို ခန့်မှန်းရန် ခက်ခဲလှသည်။ ၂၀၂၅ ခုနှစ်မှ ၂၀၃၅ ခုနှစ် ဝန်းကျင်အတွင်း အလုပ်သမားထက်ဝက်ခန့်ကို ကွန်ပျူတာ အသိဉာဏ်အသုံးချ၍ အစားထိုးသွားဖွယ်ရှိသည်ဟု နိုမူရာ သုတေသန အဖွဲ့အစည်းက ခန့်မှန်းခဲ့ကြောင်း သိရသည်။

ခန့်လင်းဦး ဘာသာပြန်သည်။