ဆိုးလ်-မြောက်ကိုရီးယားနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးအရေးယူပိတ်ဆို့မှုကို မရုပ်သိမ်းပါက နျူကလီးယားလက်နက်အင်အား ဖြည့်တင်းရေးအတွက် ရည်မှန်းထားသည့် နိုင်ငံတော်မူဝါဒတစ်ရပ်ကို ပြန်လည်ဖော်ထုတ်မည်ဟု မြောက်ကိုရီးယားက သတိပေးပြောကြားလိုက်သည်။
နိုဝင်ဘာ ၂ ရက် ညနေပိုင်းက မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အဆိုပါကြေညာချက်တွင် အမေရိကန်ပြည်ထောင်စုသည် ၎င်း၏ရပ်တည်ချက်ကို မပြောင်းလဲပါက နျူကလီယားအင်အား ဖြည့်တင်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှစ်ခုစလုံးအတွက် တစ်ပြိုင်နက်တည်း ရှေ့တိုးလုပ်ဆောင်မည့် 'ပြုံဂျင်း' မူဝါဒကို ပြန်လည် လုပ်ဆောင်မည်ဟု မြောက်ကိုရီးယားက ပြောသည်။ မြောက်ကိုရီးယားက ဝါရှင်တန်နှင့် ဆက်လက်ပြုလုပ်မည့် နျူကလီးယား ဆွေးနွေးညှိနှိုင်းမှုများကို ဖျက်သိမ်းပစ်မည်ဟုလည်း ခြိမ်းခြောက်ထားသည်။
စင်ကာပူနိုင်ငံတွင် ဇွန်လက ကိုရီးယားကျွန်းဆွယ်နျူကလီးယားကင်းစင်ရေးအတွက် ပြုလုပ်ခဲ့သည့် ထိပ်သီးဆွေးနွေးပွဲ၌ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျူံအန် နှင့် သမ္မတ ဒေါ်နယ်ထရမ့်တို့ ပြုလုပ်ခဲ့သည့် ကတိပေးမှုများမှ အမေရိကန်နိုင်ငံက ရှောင်လွှဲနေသည်ဟု မြောက်ကိုရီးယားနိုင်ငံက စွပ်စွဲခဲ့သည်။
ဖောက်စ်သတင်းဌာနနှင့် နိုဝင်ဘာ ၂ ရက်က ပြုလုပ်သည့် အင်တာဗျူးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီရိုက မြောက်ကိုရီးယား အကြီးတန်းအရာရှိ ကင်ရုံချိုလ်နှင့် နိုဝင်ဘာ ၈ ရက်တွင် နယူးယော့ခ်၌ ဆွေးနွေးရန်စီစဉ်ထားသည်ဟု ပြောသည်။ "စင်ကာပူနိုင်ငံမှာ ဇွန်လတုန်းက သမ္မတထရမ့်ကို ဥက္ကဋ္ဌကြီးကင် ပေးထားတဲ့ကတိတွေကို ဖြည့်ဆည်းပေးပြီးတဲ့အချိန်ထိ ကျွန်တော်တို့ဘက်ကတော့ စီးပွားရေး အရေးယူပိတ်ဆို့မှုကို ဆက်လက်ထားရှိသွားပါမယ်" ဟု ပွန်ပီရိုက ပြောသည်။
















