ဒေလီ၌ မီးရှူးမီးပန်းများပစ်ဖောက်မှုကြောင့် မီးခိုးမြူပမာဏကျန်းမာရေးထိခိုက်လောက်အောင် ဆိုးရွားခဲ့

ဒေလီ၌ မီးရှူးမီးပန်းများပစ်ဖောက်မှုကြောင့် မီးခိုးမြူပမာဏကျန်းမာရေးထိခိုက်လောက်အောင် ဆိုးရွားခဲ့

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီ၌ မီးရှူးမီးပန်းများပစ်ဖောက်ခြင်းမပြုရန်ဟု တရားရုံး၏ပိတ်ပင်ချက်ရှိသော်လည်း ဒီပါဝလီနေ့တွင် မီးရှူးမီးပန်းများပစ်ဖောက်မှုကြောင့် မြို့တွင်း မီးခိုးမြူပမာဏသည် ကျန်းမာရေးထိခိုက်လောက်သည့် ပမာဏအထိရှိလာခဲ့သည်။

ဒေလီ၌ နိုဝင်ဘာ ၈ ရက်တွင် မီးခိုးမြူများ ထူထပ်စွာကျဆင်းခဲ့ကြောင်း မြို့နေများကပြောဆိုခဲ့သည်။ မီးရှူးမီးပန်းများကို ညအချိန်တွင် တစ်ညလျင် နှစ်နာရီသာ ပစ်ဖောက်ရန် တရားလွှတ်တော်ချုပ်က ကန့်သတ်ချက်ထုတ်ပြန်ထားသော်လည်း ယင်းထုတ်ပြန်ချက်ကို လိုက်နာခြင်းမရှိခဲ့ချေ။ အရေးအပါဆုံး ဟိန္ဒူပွဲတော်ဖြစ်သည့် ဒီပါဝလီတွင် ဆီမီးထွန်းညှိခြင်းကိုလည်းပြုလုပ်ခဲ့သည်။ ကောင်းမှုက မကောင်းမှုအပေါ် အောင်နိုင်ခြင်းအထိမ်းအမှတ်အဖြစ် အဆိုပါပွဲတော်ကို ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆုတ်ထဲအထိဝင်နိုင်လောက်အောင် သေးငယ်သည့် ပီအမ် ၂ ဒသမ ၅ အမည်ရှိ အမှုန်ပမာဏသည် မြို့ရှိနေရာတချို့တွင် တစ်ကုဗမီတာလျှင် ၉၉၉ မိုက်ခရိုဂရမ်အထိမြင့်တက်သွားခဲ့ကြောင်း မီဒီယာများကဖော်ပြခဲ့သည်။ ဒေလီရှိ လေထုညစ်ညမ်းမှုပမာဏသည် အလွန်အမင်းဆိုးရွားသည့် အဆင့်သို့ရောက်ရှိခဲ့ပြီး မြို့များအတွက် ကျန်းမာရေးအန္တရာယ်ရှိလာနိုင်ကြောင်း အမေရိကန်သံရုံး၌ တွစ်တာ၌ ရေးသားခဲ့သည်။

မီးရှူးမီးပန်းများပိတ်ပင်မှုကြောင့် ကမ္ဘာပေါ်တွင် လေထုအညစ်ညမ်းဆုံးတွင်ပါဝင်သည့် ဒေလီရှိ လေထုအရည်အသွေးအပေါ် သက်ရောက်မှုရှိမရှိကို လေ့လာသုံးသပ်မည်ဖြစ်ကြောင်း တရားလွှတ်တော်ချုပ်က လွန်ခဲ့သောလတွင် ပြောဆိုခဲ့သည်။ သို့သော် ကန့်သတ်မှုနှင့် ပွဲတော်ညတွင် နှစ်နာရီကန့်သတ်ချက်ရှိခဲ့သော်လည်း မြို့နေများသည် ညည့်နက်သည်အထိ မီးရှူးမီးပန်းများကို ပစ်ဖောက်ခဲ့ကြသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှ ဖုန်မှုန့်များ၊ အမှိုက်မီးရှို့မှုများနှင့် ဒီဇယ်စွမ်းအင်သုံးမော်တော်ယာဉ်များကြောင့် လေထုညစ်ညမ်းနေပြီးဖြစ်သောကြောင့် လေထုညစ်ညမ်းရန် ရည်ရွယ်ချက်ဖြင့် မီးရှူးမီးပန်းများပစ်ဖောက်ခြင်းသည် မတရားလှကြောင်း မြို့နေတစ်ချို့ကပြောဆိုခဲ့သည်။

ဒေလီနားရှိ ပန်ဂျတ်နှင့် ဟာယာနာပြည်နယ်တို့ရှိ လယ်သမားများသည် ရိုးပြတ်များကို မီးရှို့လေ့ရှိသောကြောင့် ဒေလီ၌ နိုဝင်ဘာနှင့် ဒီဇင်ဘာတို့တွင် လေထုအရည်အသွေးလွန်စွာဆိုးရွားလေ့ရှိခဲ့သည်။ ဒေလီသည် ကမ္ဘာပေါ်တွင် ဆဌမမြောက် လေထုအညစ်ညမ်းဆုံးမြို့ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏စာရင်းအင်းများအရ သိရသည်။