ပစိဖိတ်နိုင်ငံများ၌ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးအတွက် အတိုးနှုန်းနည်းပါးသည့် ချေးငွေနှင့် ထောက်ပံ့ငွေများအဖြစ် သြစတြေးလျဒေါ်လာ ၃ ဘီလီယံ( အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၈ ဘီလီယံ) သုံးစွဲမည်ဖြစ်ကြောင်း သြစတြေးလျဝန်ကြီးချုပ် စကော့ မောရစ်ဆင်က နိုဝင်ဘာ ၈ ရက်တွင်ပြောဆိုခဲ့သည်။
ဒေသတွင်း တရုတ်သြဇာပျံ့နှံ့လာခြင်းကို သြစတြေးလျက တန်ပြန်သည့်အနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်လိုက်ခြင်းဖြစ်ကြောင်း သုံးသပ်မှုများရှိနေသည်။ ၂၀၁၁ ခုနှစ်မှစ၍ တရုတ်သည် ပစိဖိတ်ကျွန်းနိုင်ငံများသို့ ချေးငွေနှင့် ထောက်ပံ့ငွေ ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံကို ပေးအပ်ခဲ့ပြီးဖြစ်သည်။ ပစိဖိတ်ကျွန်းနိုင်ငံများသည် ကြွေးမြီထူထပ်လာပြီး တရုတ်၏အလိုကို လိုက်ရမည်ကို အနောက်နိုင်ငံများက စိုးရိမ်နေပြီဖြစ်သည်။
ပစိဖိတ်ကျွန်းနိုင်ငံများရှိ ဆက်သွယ်ရေး၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ သောက်သုံးရေဆိုင်ရာစီမံကိန်းများအတွက် သြစတြေးလျဒေါ်လာ ၂ ဘီလီယံကို ရန်ပုံငွေအဖြစ်ထားရှိမည်ဖြစ်ကြောင်း မောရစ်ဆင်က ပြောဆိုခဲ့သည်။ ထို့ပြင် ပါလောက်၊ မာရှယ်ကျွန်းစုများ၊ ပြင်သစ်ပိုလီနီးရှား၊ နီယူနှင့် ကွတ်ခ်ကျွန်းစုများ၌ သံတမန်ရေးဝန်ထမ်းများခန့်အပ်ပြီး သံတမန်ရေးနယ်ပယ်ကိုလည်း ချဲ့ထွင်ဦးမည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
ပစိဖိတ်ကျွန်းနိုင်ငံများရှိ စစ်တပ်များနှင့် ပူးတွဲစစ်ရေးလေ့ကျင့်ပြီး ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးကို တိုးမြှင့်မည်ဖြစ်ကြောင်း သြစတြေးလျအစိုးရကပြောဆိုခဲ့သည်။ မောရစ်ဆင်သည် ဝန်ကြီးချုပ်တာဝန်စတင်ထမ်းဆောင်သည့် သြဂုတ်မှစ၍ ပထမဆုံးအကြိမ်ပြောဆိုသည့် နိုင်ငံခြားရေးမူဝါဒမိန့်ခွန်းတွင် တရုတ်၏အမည်ကို ထုတ်ဖော်ပြောဆိုခြင်းမပြုခဲ့သော်လည်း တရုတ်ကိုသာ ရည်ရွယ်ခြင်းဖြစ်ကြောင်း အများက သံသယမရှိ လက်ခံထားသည်။
တရုတ်သည် ၎င်းတို့၏ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်နေကြောင်း သြစတြေးလျက ယမန်နှစ်အကုန်ပိုင်းတွင် စွပ်စွဲခဲ့ပြီးနောက် နှစ်နိုင်ငံကြား ဆက်ဆံရေးတွင် တင်းမာမှုများရှိခဲ့သည်။ ပါပူအာ နယူးဂီနီ( ပီအင်န်ဂျီ) ၊ဆော်လမွန်ကျွန်းစုများနှင့် ရေအောက်အင်တာနက်ကေဘယ်ချိတ်ဆက်ရေးအတွက် သြစတြေးလျဒေါ်လာ သန်း ၂၀ဝ သုံးစွဲမည်ဖြစ်ကြောင်း သြစတြေးလျအစိုးရက မေတွင်ထုတ်ပြန်ခဲ့သည်။
သို့သော် တရုတ်ရှိ ဟွာဝေးနည်းပညာကုမ္ပဏီမှ ကိရိယာများကို အသုံးပြုမည်ဖြစ်သောကြောင့် အမျိုးသားလုံခြုံရေးစိုးရိမ်စရာရှိနေကြောင်း ပြောဆိုမှုလည်းရှိခဲ့သည်။

















