အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အချေအတင် ငြင်းခုံစကားများခဲ့သော စီအင်န်အင်န် သတင်းဌာန၏ အိမ်ဖြူတော်ဆိုင်ရာ သတင်းထောက် ဂျင် အကော်စတာကို အိမ်ဖြူတော်တာဝန်ရှိသူများက အိမ်ဖြူတော်တွင်းဝင်ရောက်သတင်းယူခွင့် ပိတ်ပင်လိုက်ကြောင်း သိရသည်။
နိုဝင်ဘာ ၇ ရက်က သတင်းစာရှင်းလင်းပွဲတွင် ဂျင် အကော်စတာသည် သမ္မတ ထရမ့်နှင့် ဒေါသတကြီး အချေအတင် ပြောဆိုနေစဉ် အိမ်ဖြူတော် ဝန်ထမ်းတစ်ဦးက အကော်စတာ၏ လက်ထဲမှ မိုက်ခရိုဖုန်းကို ဝင်လုယူခဲ့သည်။
အိမ်ဖြူတော် သတင်းတာဝန်ခံ ဆာရာ ဆန်ဒါကမူ မစ္စတာ အကော်စတာကို အိမ်ဖြူတော်ဝင်ခွင့် ပိတ်ခြင်းမှာ အမျိုးသမီးတစ်ဦးကို လက်ရောက်မှုကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ မစ္စ ဆန်ဒါ၏ ထုတ်ပြန်ချက်သည် အလိမ်အညာသာဖြစ်သည်ဟု မစ္စတာ အကော်စတာက တုံ့ပြန်ခဲ့သည်။ စီအင်န်အင်န် သတင်းထောက်သည် ရိုင်းစိုင်းသည်ဟု သမ္မတ ထရမ့်ကလည်း ဝေဖန်ခဲ့သည်။
ဗဟိုအမေရိကဒေသမှ ရွှေ့ပြောင်းခိုလှုံသူများ အမေရိကန်သို့ ဦးတည်လာရောက်နေမှုနှင့် ပတ်သက်ပြီး သမ္မတ ထရမ့်က ကြမ်းတမ်းစွာ မှတ်ချက်ပေးပြောဆို၊ ကိုင်တွယ်နေမှုများနှင့် ဆက်စပ်ကာ မစ္စတာ အကော်စတာက မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။
မစ္စတာ အကော်စတာသည် အိမ်ဖြူတော် သတင်းတာဝန်ခံ ဆာရာ ဆန်ဒါကိုလည်း ရိုင်းစိုင်းစွာ ဆက်ဆံကြောင်း၊ စီအင်န်အင်န်အနေဖြင့် မစ္စတာ အကော်စတာကို ခန့်ထားခြင်းသည် ရှယ်ဖွယ်ကောင်းသည်ဟုလည်း သမ္မတ ထရမ့်က ရှုတ်ချထိုးနှက်ခဲ့သည်။
အိမ်ဖြူတော်သို့ နောက်တစ်ကြိမ် ဝင်ရောက်ချိန်တွင် လုံခြုံရေးအဖွဲ့များက ၎င်းကို တားမြစ်ခဲ့ကြောင်း မစ္စတာ အကော်စတာက ပြောသည်။ အိမ်ဖြူတော်သတင်းသမားများ အဖွဲ့အစည်းကမူ အိမ်ဖြူတော်၏ ပိတ်ပင်ချက်သည် နည်းလမ်းမကျ၊ လက်ခံနိုင်ဖွယ်မရှိဟု ဝေဖန်ထားသည်။

















