အမေရိကန်နှင့် နိုင်ငံခြားရေးဝန်ကြီးအဆင့် တွေ့ဆုံရေး မြောက်ကိုရီးယား ပယ်ဖျက်ဟု တောင်ကိုရီးယားပြော

အမေရိကန်နှင့် နိုင်ငံခြားရေးဝန်ကြီးအဆင့် တွေ့ဆုံရေး မြောက်ကိုရီးယား ပယ်ဖျက်ဟု တောင်ကိုရီးယားပြော

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုနှင့် မြောက်ကိုရီးယား အဆင့်မြင့်အစိုးရ တာဝန်ရှိသူများ ယခုသီတင်းပတ်တွင်း ကျင်းပမည့် နျူကလီးယားအရေး ညှိနှိုင်းဆွေးနွေးပွဲကို မြောက်ကိုရီးယားဘက်က ပယ်ဖျက်မှုကြောင့် ပျက်သွားခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ပြောကြားသည်။

မြောက်ကိုရီးယား နျူကလီးယားဖျက်သိမ်းရေးနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ ဒုတိယအကြိမ် တွေ့ဆုံရေး အကြိုစည်းဝေးရန် မိုက်ပွမ်ပီယိုနှင့် မြောက်ကိုရီးယား အဆင့်မြင့်အရာရှိများ တွေ့ဆုံပွဲကို ပယ်ဖျက်ကာ ရွှေ့ဆိုင်းကြောင်း မြောက်ကိုရီးယားဘက်က အကြောင်းကြားစာ ရရှိထားသည်ဟု တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ကန်ကွမ်ဝါက နိုဝင်ဘာ ၈ တွင် ပြောသည်။

နယူးယောက်တွင် ကျင်းပမည့် ဆွေးနွေးပွဲကို မြောက်ကိုရီးယားက မည်သည့်အတွက်ကြောင့် ဖျက်လိုက်ကြောင်းကိုမူ ကန်က ထည့်သွင်းပြောကြားခြင်းမရှိ။ ထိုကိစ္စကို မစ္စတာ ပွမ်ပီယိုထံ ဖုန်းဆက်ကာ အသေးစိတ် ဆွေးနွေးမည်ဟုလည်း မစ္စ ကန်က ပြောသည်။

အမေရိကန်နှင့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးအဆင့် ဆွေးနွေးပွဲကို ပယ်ဖျက် ရွှေ့ဆိုင်းခြင်းသည် နှစ်နိုင်ငံ ဆွေးနွေးမှု လုပ်ငန်းစဉ်ကို ထိခိုက်စေမည်မဟုတ်ကြောင်းလည်း တောင်ကိုရီးယား သမ္မတရုံးက ထုတ်ပြန်ပြောကြားသည်။

"နှစ်ဖက်လုံး အလုပ်များပြီး အချိန်မရလို့ ရွှေ့လိုက်တာလို့ သိရပါတယ်။ ဆွေးနွေးပွဲ ရွှေ့လိုက်တာကို အရမ်းကြီး အကျယ်ချဲ့အဓိပ္ပါယ်မကောက်စေလိုပါဘူး" ဟု မစ္စ ကန်က ပြောသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း မစ္စတာ ပွမ်ပီယိုနှင့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ကင်မ်ယွန်ချိုတို့ တွေ့ဆုံပွဲကို ပြန်လည်စီစဉ်သွားမည်ဟု ဆိုထားသည်။