ဆော်ဒီဦးဆောင်သော မဟာမိတ်လေကြောင်းတပ်ကူဖြင့် ယီမင် အစိုးရတပ်များသည် နိုင်ငံတွင်း အဓိကဆိပ်ကမ်းမြို့ ဟူဒေဒါရှိ ဟူသီသူပုန်ခြေကုပ်စခန်းများကို အရှိန်မြှင့်တိုက်ခိုက်နေသောကြောင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် သီတင်းပတ်က စတင်ကာ ဟူဒေဒါကို အစိုးရ ကြည်းတပ်များ ထိုးစစ်ဆင်ခဲ့သည့်နောက်ပိုင်း လူ ၁၅၀ နီးပါး သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။ တိုက်ပွဲများကြောင့် ဆေးဘက်ဆိုင်ရာ အကူအညီများ ထိခိုက်ကာ အရပ်သား ထောင်သောင်းချီ ဒုက္ခရောက်နိုင်ကြောင်း ကုလသမဂ္ဂနှင့် ပရဟိတအဖွဲ့အစည်းများက ပြောသည်။
ဟူဒေဒါဆိပ်ကမ်းသည် စားနပ်ရိက္ခာအကျပ်ဆိုက်နေသည့် ယီမင် ပြည်သူသန်းပေါင်းများစွာအတွက် အဓိက စားနပ်ရိက္ခာဝင်ပေါက်ဖြစ်သည်။ လူသားချင်းစာနာမှုအကူအညီ၊ လောင်စာဆီနှင့် အခြားကုန်စည် ၈၀ ရာခိုင်နှုန်းသည် ဟူဒေဒါ ဆိပ်ကမ်းမှ ဝင်ရောက်နေခြင်းဖြစ်သည်။
ဟူဒေဒါဆိပ်ကမ်းမြို့ ပျက်စီးသွားလျှင်၊ သို့မဟုတ် ဝိုင်းပတ်ပိတ်ဆို့ခံရလျှင် လူသားချင်းစာနာမှုပစ္စည်းများလည်း စီးဆင်းနိုင်မည်မဟုတ်သလို၊ အထွေထွေ အသုံးအဆောင်နှင့် ဆေးဝါးများပါ စီးဆင်းမှု ရပ်တန့်ကာ ယီမင်ပြည်သူ သန်းချီပြီး အကျပ်ဆိုက်နိုင်ကြောင်း ကုလသမဂ္ဂက သတိပေးထားသည်။
ဟူသီသူပုန်များက နိုင်ငံအနောက်ပိုင်းခြမ်းကို သိမ်းကာ သမ္မတ အဘ္ဘဒြာဘတ် မန်ဆာ ဟေဒီသည်လည်း နိုင်ငံမှ တိမ်းရှောင်ခဲ့ရပြီးနောက် ၂၀၁၅ ခုနှစ်တွင် ဆော်ဒီဦးဆောင်သော အာရပ် မဟာမိတ်များက ဟူသီတို့ကို လေကြောင်းတိုက်ခိုက်ရာက စတင်ပြီး ယီမင်သည် ပြည်တွင်းစစ်အသွင် ကူးပြောင်းခဲ့သည်။ စစ်အတွင်း လက်ရှိအချိန်အထိ အရပ်သား ၆၆၆၀ ဦး သေဆုံးကာ၊ ၁၀၅၆၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂ စာရင်းများအရ သိရသည်။

















